ရခိုင်အရေးအရှုပ်အထွေးကြားက အိန္ဒိယ

အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန်ဖိုးရှိ ကုလားတန်းစီမံကိန်း ပြီးမြောက်ရေးနှင့် စတင်လည်ပတ်နိုင်ရေးအတွက် ဆန္ဒပြင်းပြနေသည့် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ ရခိုင်အရေးအရှုပ်အထွေးများနှင့် လက်နက်ကိုင်အရေးကိစ္စများတွင် နီးနီးကပ်ကပ် ပါဝင်ပတ်သက်လာဖွယ်ရှိနေရာ ထိုအရေးနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူများ၏ ဝေဖန်အကြံပြုမှုအမျိုးမျိုးလည်း ပေါ်ထွက်...

By Foreign Desk 14 Mar 2020

AA လေ့ကျင့်ရေးတပ်သားများ (ဓာတ်ပုံ - South Asian Monitor / VOA)

အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန်ဖိုးရှိ ကုလားတန်းစီမံကိန်း ပြီးမြောက်ရေးနှင့် စတင်လည်ပတ်နိုင်ရေးအတွက် ဆန္ဒပြင်းပြနေသည့် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ ရခိုင်အရေးအရှုပ်အထွေးများနှင့် လက်နက်ကိုင်အရေးကိစ္စများတွင် နီးနီးကပ်ကပ် ပါဝင်ပတ်သက်လာဖွယ်ရှိနေရာ ထိုအရေးနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူများ၏ ဝေဖန်အကြံပြုမှုအမျိုးမျိုးလည်း ပေါ်ထွက်လာလျက်ရှိသည်။

၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ်၌ စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်တော် (AA) သည် လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်ကို အဆက်မပြတ်တိုက်ခိုက်လျက်ရှိပြီး မြို့ပြဒေသများ၌ပင် တိုက်ပွဲဆင်နွှဲမှုများရှိကာ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က အဓိကလမ်းပန်းဆက်သွယ်ရေးစီမံကိန်းများ ဖော်ဆောင်လျက်ရှိသော မဟာဗျူဟာမြောက် ရခိုင်ပြည်နယ်တွင် တပ်မတော်ကို အင်အားနည်းသွားအောင် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူရေနက်စီမံကိန်းကို တည်ဆောက်ထားပြီးပြီဖြစ်ကာ ၎င်း၏ ယူနန်ပြည်နယ်နှင့် ရထားလမ်းဆက်သွယ်မည့် ရထားလမ်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းများပါဝင်သော အထူးစီးပွားရေးဇုန်တစ်ခုကိုလည်း ဖော်ဆောင်ရန် စိုင်းပြင်းလျက်ရှိသည်။ တစ်ဖက်တွင်လည်း အိန္ဒိယက စစ်တွေဆိပ်ကမ်းကို ပြန်လည်ပြုပြင်ထားပြီး ကုလားတန်းမြစ်မှတစ်ဆင့် ၎င်း၏မီဇိုရမ်ပြည်နယ်နှင့် ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုအခြေအနေတွင် မြန်မာစစ်တပ်က AA သည် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် ခွဲထွက်ခွင့်ရရေး ဟူသော ၎င်း၏ကြွေးကြော်သံအတိုင်း ရခိုင်တွင် ခိုင်မာသောစစ်အခြေစိုက်စခန်းတစ်ခု နှင့်အတူ ၎င်းတို့အတွက် လွတ်လပ်သောနယ်မြေတစ်ခု ဖန်တီးနိုင်ရန် ကြိုးစားနေသည်ဟု ယူဆလျက်ရှိသည်။ လေ့လာသုံးသပ်သူများကမူ မြန်မာစစ်တပ်သည် ကချင်လက်နက်ကိုင်တို့၏ ကောင်းစွာလေ့ကျင့်ပေးမှုကို ရရှိထားသည့် လက်နက်ကိုင် တိုက်ခိုက်ရေးသမား ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင်ရှိ AA ကိုထိန်းချုပ်နိုင်ခြင်းမရှိသေးဟု သုံးသပ်လျက်ရှိသည်။

"AA ဟာ ကွဲပြားခြားနားတဲ့ တိုက်ခိုက်ရေးဗျူဟာတစ်မျိုးနဲ့ သွားနေပါတယ်။ သူတို့က နယ်မြေသိမ်းပိုက်နိုင်ဖို့ ကြိုးစားတာမျိုး မလုပ်ပါဘူး။ သူတို့က မြန်မာတပ်မတော်ကို ထိခိုက်နိုင်သမျှထိခိုက်အောင် တိုက်ခိုက်ပြီးတာနဲ့ ပျောက်သွားတတ်ပါတယ်။ တပ်မတော်မှာ ဒီလို နေရာစုံအလျှင်အမြန် ရွှေ့ပြောင်းနေတဲ့ တိုက်ပွဲတွေအတွက် အဖြေမရှိဘူး ဖြစ်နေပါတယ်" ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင်တနာက ပြောကြားသည်။

အိန္ဒိယစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့်မူ ကုလားတန်စီမံကိန်းကို ပြီးစီးအောင်ဆောင်ရွက်ပြီး စတင်အသုံးချနိုင်ရန်အတွက် မြန်မာတပ်မတော်က ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်ပုန်ကန်မှုများအပေါ် ပြန်လည်ထိန်းချုပ်မှု ရရှိလာစေရန် လိုလားလျက်ရှိသည်မှာ မှန်သော်လည်း AA တို့ဘက်မှ လက်တုံ့ပြန်တိုက်ခိုက်ခြင်းမျိုးကို ရှောင်ရှားလိုခြင်းကြောင့် စစ်ရေးအရ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရန် ဆန္ဒမရှိသည့် အခြေအနေတွင်ရှိနေသည်။

"ကျနော်တို့အနေနဲ့ ရခိုင်အရေးအရှုပ်အထွေးမှာ ခပ်ကင်းကင်းနေသင့်တယ်။ မြန်မာ့တပ်မတော်က ကျနော်တို့ကို ဘယ်လောက်ပဲ ပါဝင်ပတ်သက်စေချင်ပေမယ့်လည်း ကျနော်တို့အနေနဲ့ စစ်ရေးအရမပါဝင်မိဖို့လိုတယ်" ဟု စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဂျွန်မူခါဂျီက ပြောကြားသည်။

မူခါဂျီသည် အိန္ဒိယစစ်တပ်မှ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးနှင့် India's Eastern Command ၏ အကြီးအကဲဟောင်းတစ်ဦး ဖြစ်ကာ ကာလကတ္တားအခြေစိုက် လုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ CENERS-K ကို ဦးဆောင်နေသူလည်းဖြစ်သည်။

"ဒီစီမံကိန်းက အိန္ဒိယအတွက် အရေးကြီးတာမှန်ပါတယ်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ်အတွက်ပေါ့။ ဒါပေမဲ့ AA လက်နက်ကိုင်တွေနဲ့ စစ်ပွဲမှာ ကျနော်တို့ဝင်ပါရလောက်တဲ့ ကိစ္စမျိုးတော့မဟုတ်ဘူး" ဟု မူခါဂျီက South Asian Monitor သတင်းဌာနကို ပြောကြားသည်။

အိန္ဒိယအတွက် ကုလားတန်စီမံကိန်းသည် ယခင်က အိန္ဒိယအရှေ့မြောက်ပိုင်းအတွက် ပင်လယ်ထွက်ပေါက်ရရှိစေမည့် အရေးကြီးသောစီမံကိန်းတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်သော မီဇိုရမ်အတွက်မှလွဲ၍ အလွန်တရာအရေးမကြီးလှတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ခါလီဒါဇီယာ အာဏာရရှိထားစဉ်က ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်းပြီး အိန္ဒိယအရှေ့မြောက်ပိုင်းသို့ရောက်ရှိမည့် (လမ်း၊ ရထား၊ ပင်လယ်) ဘက်စုံလမ်းပန်းဆက်သွယ်ရေးစီမံကိန်း တစ်ရပ်တည်ဆောက်ရန် အိန္ဒိယနိုင်ငံဘက်မှ ညှိနှိုင်းမှုများကို လက်မခံခဲ့သော်လည်း လက်ရှိဝန်ကြီးချုပ် ဟာဆီနာ လက်ထက်တွင်မူ ထိုကဲ့သို့သော စီမံကိန်းမျိုးတည်ဆောက်ရန် သဘောတူလိုက်၍ ဖြစ်သည်။

ကုလားတန်စီမံကိန်းစတင်ရန် နှစ်အတော်ကြာ ကြန့်ကြာနေခဲ့ပြီးသည့်နောက်တွင် အိန္ဒိယသည် ၂၀၁၈ ခုနှစ်တွင် ပလက်ဝမြစ်ကို မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်ရှိ ဇိုရင်ပူရီနှင့် ချိတ်ဆက်ပေးသော လမ်းစီမံကိန်းတစ်ခုကို စတင်နိုင်ခဲ့သော်လည်း စီမံကိန်းမှာ AA တို့၏ အဆက်မပြတ်နှောင့်ယှက်မှုကြောင့် အလွန်ကြန့်ကြာလျက်ရှိသည်။ AA တပ်သားများက ထို လမ်း၊တံတားစီမံကိန်းများတွင် ပါဝင်သော အလုပ်သမားများကို ပြန်ပေးဆွဲဖမ်းဆီးခြင်းများ ရှိနေသည်။

ယင်းကဲ့သို့သော အခြေအနေများအပေါ် စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်ဆောင်ရွက်ရန် ထိုစီမံကိန်းဆောင်ရွက်ခွင့်ရရှိသော ဒေလီအခြေစိုက် C & C ဆောက်လုပ်ရေးကုမ္ပဏီက တောင်းဆိုခဲ့ကာ အိန္ဒိယစစ်တပ်က မီဇိုရမ်ပြည်နယ် တောင်ပိုင်းရှိ AA တပ်စခန်းများကို ချေမှုန်းရန်အတွက် ပြီးခဲ့သောနှစ်အတွင်းက နေထွက်ချိန်စစ်ဆင်ရေး ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယစစ်တပ်က ကုလားတန်စီမံကိန်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေသည့် AA လက်နက်ကိုင်တပ်ဖွဲ့အရေးကို ဖြေရှင်းရန်လိုအပ်၍ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း အိန္ဒိယစစ်တပ်က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

AA ဟာ အခိုင်အမာတပ်စွဲပြီး နယ်မြေရယူထားတာမျိုး မလုပ်ဘဲ ချုံခိုတိုက်ခိုက်တာနဲ့ တိုက်ပြီးပြေးတဲ့နည်းဗျူဟာတွေကို အသုံးပြုလျက်ရှိတာကြောင့် မြန်မာ့တပ်မတော်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အင်အားသုံးထိုးစစ်ဆင်တဲ့ဗျူဟာနဲ့ ချေမှုန်းအနိုင်ယူဖို့ အခက်တွေ့နေရပါတယ်။ (ဓာတ်ပုံ - Twitter)

အိန္ဒိယအနေဖြင့် ကုလားတန် ဘက်စုံလမ်းပန်းဆက်သွယ်ရေး စီမံကိန်းအတွက် ပလက်ဝ-ဇိုရင်ပူရီ လမ်းစီမံကိန်းမှလွဲ၍ ကျန်စီမံကိန်းတည်ဆောက်မှုများကို အိန္ဒိယဘက်တွင်ရော မြန်မာနိုင်ငံဘက်တွင်ပါ အတော်များများပြီးစီးအောင် ဆောင်ရွက်ထားပြီးဖြစ်ရာ ထိုလမ်းစီမံကိန်းသာ ပြီးစီးသွားပါက ကုလားတန်စီမံကိန်းမှာ စတင်အသက်ဝင်နိုင်တော့မည် ဖြစ်သည်။

သို့ရာတွင် မြန်မာစစ်တပ်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သော အိန္ဒိယ၏ နေထွက်ချိန်စစ်ဆင်ရေးအပြီးတွင် AA သည် အိန္ဒိယ၏ အကျိုးစီးပွားများကို ပုံမှန်တိုက်ခိုက်ခြင်းများ၊ အလုပ်သမားများကို ပြန်ပေးဆွဲခြင်းများ ယခင်ကထက် ပိုမို၍ ပြုလုပ်လာခဲ့သည်။

"တရုတ်က ကျနော်တို့ကို အသိအမှတ်ပြုပေမယ့် အိန္ဒိယကတော့ အဲဒီလိုမဟုတ်ဘူး" ဟု AA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက မြန်မာမီဒီယာများကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံတွင် တပ်မတော်၊ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များဟူသည့် အင်အားစု ၃ ခုလုံးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားရာ AA နှင့်လည်း ပြဿနာမဖြစ်အောင် နေထိုင်လျက်ရှိသဖြင့် ရခိုင်ပြည်နယ်ရှိ ၎င်း၏ ကျောက်ဖြူရေနက်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတို့ကို အနှောက်အယှက်ကင်းကင်း နှင့် ဆောင်ရွက်နိုင်လျက်ရှိခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အိန္ဒိယအနေဖြင့်လည်း မြန်မာစစ်တပ်နှင့်အတူ ရခိုင်ပဋိပက္ခထဲသို့ ဝင်ရောက်ခြင်းထက် တရုတ်နိုင်ငံကဲ့သို့ နှစ်ဖက်စလုံးနှင့် အဆင်ပြေမည့်နည်းလမ်းမျိုးဖြင့်သာ သွားသင့်ကြောင်း မူခါဂျီက ပြောကြားသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် အိန္ဒိယအစိုးရအနေဖြင့် လက်ရှိအချိန်တွင် မြန်မာအစိုးရ၊ တပ်မတော်တို့နှင့် လက်ရှိအချိန်တွင်ရရှိထားသော ဆက်ဆံရေးကောင်းကို ထိန်းသိမ်းရမည့်အခြေအနေ တစ်ဖက်၊ ရခိုင်ပြည်နယ်မှ ၎င်း၏ ဒေါ်လာသန်းနှင့်ချီသော စီမံကိန်းကို အနှောက်အယှက်ကင်းကင်းနှင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေတစ်ဖက်နှင့် ဘေးကျပ်နံကျပ်ဖြစ်လျက်ရှိသည်။

ထို့ကြောင့် နောက်တစ်နည်းအနေဖြင့် အိန္ဒိယအစိုးရဘက်မှ လုပ်ဆောင်နိုင်သည်မှာ အချို့သော ကျွမ်းကျင်သူများ အကြံပေးသလို ရခိုင်ပဋိပက္ခတွင် မြန်မာ့တပ်မတော်ဘက်မှ ရပ်တည်ပြီး AA နှင့် ရန်ဘက်အဖြစ် မရပ်တည်သလို AA တို့ဘက်မှ တောင်းဆိုမှုများကိုလည်း အားလုံးမလိုက်လျောဘဲ မြန်မာ့တပ်မတော်နှင့် AA တို့ကို ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုစကားဝိုင်းပေါ်သို့ ရောက်ရှိလာအောင်ဆွဲခေါ်နိုင်ရေး ကြိုးပမ်းရန်ပင် ဖြစ်လေသည်။

မောင်ဖြိုး
(South Asian Monitor သတင်းဌာနတွင်ဖော်ပြထားသော ဆောင်းပါးရှင် Subir Bhaumik ၏ India in the Myanmar Muddle ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုပါသည်။)

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ