မွေးဖွားနှုန်း စံချိန်တင်ကျဆင်းလာသော တရုတ်ပြည်

တရုတ်ပြည်၏ ကလေးမွေးဖွားနှုန်းသည် ၂၀၁၉ တွင် အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း မွေးဖွားနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

By စောသန္တာအေး 01 Feb 2020

တရုတ်အစိုးရသည် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ မွေးဖွားခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ၁၉၇၉ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ (ဓာတ်ပုံ - news.cn)

တရုတ်ပြည်၏ ကလေးမွေးဖွားနှုန်းသည် ၂၀၁၉ တွင် အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း မွေးဖွားနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

မွေးဖွားနှုန်း ကျဆင်းလာမှုနှင့်အတူ သက်ကြီးရွယ်အို များပြားလာမှုနှင့် အလုပ်လုပ်ကိုင်နိုင်သူဦးရေ လျော့နည်းလာခြင်းတို့က နှေးကွေးနေသော တရုတ်စီးပွားရေးအပေါ် ဝန်ပိလာမည်ကို စိုးရိမ်မှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

တရုတ်တွင် မွေးဖွားနှုန်းကျဆင်းနေသည်မှာ သုံးနှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။ အစိုးရထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၁၉ တွင် မွေးဖွားသည့် ကလေး ၁၄.၆၅ သန်း၊ ၂၀၁၈ တွင် ၁၅.၂၃ သန်းနှင့် ၂၀၁၇ တွင် ၁၇.၂၃ သန်း အသီးသီးရှိသည်။

တိုင်းပြည်အတွင်း လူဦးရေကို ထိန်းချုပ်ရန်အတွင် တရုတ်အစိုးရသည် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ မွေးဖွားခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ၁၉၇၉ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်၏ နောက်ဆက်တွဲရလဒ်များအနက် တစ်ခုအဖြစ် တရုတ်ပြည်တွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း အမျိုးသားဦးရေ မတန်တဆ တိုးပွားလာခဲ့ပြီး ၂၀၂၀ အရောက်တွင် အိမ်ထောင်မကျသေးသူ အမျိုးသား သန်း ၃၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။

တရုတ်ပြည်တွင် အမျိုးသားဦးရေ မတန်တဆ တိုးပွားလျက်ရှိပြီး ၂၀၂၀ ၌ အိမ်ထောင်မကျသေးသူ အမျိုးသား သန်း ၃၀ ဝန်းကျင်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ (ဓာတ်ပုံ - Economist)

အစိုးရသည် ၎င်း၏ တစ်အိမ်ထောင် ကလေးတစ်ယောက် စနစ်အား ၂၀၁၆ တွင် လျှော့ချခဲ့ကာ ကလေးနှစ်ယောက်အထိ ယူခွင့်ပေးခဲ့သော်လည်း ကိုယ်ဝန်ဆောင်နှုန်းသည် တိုးမလာခဲ့ပေ။

၂၀၁၉ တွင် ကလေးမွေးနှုန်းသည် လူ ၁၀၀၀ လျှင် ၁၀.၄၈ ဦးရေနှုန်းဖြင့် ရပ်တန့်နေကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

တရုတ်ပြည်၏ လူဦးရေမှာ ၂၀၁၉ နှစ်ကုန်တွင် ၁.၄ ဘီလျံရှိပြီး ရှေ့နှစ်ထက် လေးသန်းခွဲခန့် တိုးလာခဲ့သော်လည်း လုပ်သားအင်အားမှာ ဆက်လက်ကျဆင်းလျက်ရှိသည်။ အသက် ၁၆ နှစ်နှင့် ၅၉ နှစ်အကြား လုပ်သားအင်အားသည် ၂၀၁၈ တွင် ၈၉၇ သန်းရှိခဲ့ပြီး ၂၀၁၉ တွင် ၈၉၆ သန်းသို့ ကျဆင်းသွားသည်ဟု စာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။ လက်ရှိနှုန်းထားအတိုင်း ဆိုပါက လုပ်သားအင်အားသည် ၂၀၅၀ တွင် ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ခြေ ရှိနေသည်။

မတန်တဆ မြင့်တက်လာနေသော ကုန်ကျစရိတ်များကြောင့် အိမ်ထောင်သည်များသည် ကလေးတစ်ဦးထက် ပိုယူရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ (ဓာတ်ပုံ - AFP)

တရုတ်ပြည်၏ စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ဝယ်လိုအားကျဆင်းခြင်း၊ အမေရိကနှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရခြင်း စသည့် အချက်များကြောင့် ၂၀၁၉ တွင် ၆.၁ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၎င်းနှုန်းထားသည် ၁၉၉၀ နှောင်းပိုင်းတွင် အနိမ့်ဆုံးဖြစ်သည်။

အစိုးရက မိသားစုဝင်အရေအတွက် ကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်သော်လည်း မြင့်တက်လာနေသော ကုန်ကျစရိတ်များက မိသားစုဝင်များ တိုးပွားလာမည့် အနေအထားကို ဟန့်တားထားနိုင်ဆဲဖြစ်သည်။
၂၀၁၇ တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ၅၀ ရာခိုင်နှုန်းကျော်သော အိမ်ထောင်စုများသည် ဒုတိယကလေး ယူလိုသည့်ဆန္ဒ မရှိကြကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စောသန္တာအေး
(ကိုးကား - AFP, CNN, Guardian)

ဗီဒီယိုများ