- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
ကွန်ဂိုမှာ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၄၀၀ နီးပါးအထိ မြင့်တက်လာ
ကီဗူးခရိုင်တောင်ပိုင်းရှိ ကာလာဟီတွင် ပြီးခဲ့သောကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြစ်ရေလျှံပြီး မြေပြိုကျမှုများ ဖြစ်ပွားရာက ဘာချူချူနှင့် ယာမူကူဘီကျေးရွာများသည် ရေလွှမ်းမိုးခံခဲ့ရသည်။
08 May 2023
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူအရေအတွက်သည် ၄၀၀ နီးပါးအထိ ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက မေလ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေကြီးမှုများ ကြုံခဲ့ရပြီးနောက် ရှာဖွေရေးလုပ်ငန်းများ စတင်ခဲ့ရာ ယခုအခါ လူသေအလောင်း အနည်းဆုံး ၃၉၄ လောင်းအထိ တွေ့ရှိထားပြီဟု ရေကြီးမှုဒဏ်ကို အဓိကရင်ဆိုင်ခဲ့ရသည့် ကျေးရွာများတည်ရှိရာ ကာလာဟီဒေသ အုပ်ချုပ်ရေးမှူး သောမက်ဘာကင်ဂါက ပြောကြားသည်။
ကီဗူးခရိုင်တောင်ပိုင်းရှိ ကာလာဟီတွင် ပြီးခဲ့သောကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြစ်ရေလျှံပြီး မြေပြိုကျမှုများ ဖြစ်ပွားရာက ဘာချူချူနှင့် ယာမူကူဘီကျေးရွာများသည် ရေလွှမ်းမိုးခံခဲ့ရသည်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဈေးရှိသည့် ယာမူကူဘီကျေးရွာသည်လည်း မြေပြိုမှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
ဘာချူချူကျေးရွာတွင် လူသေအလောင်း ၁၄၂ လောင်း၊ ယာမူကူဘီကျေးရွာတွင် ၁၃၂ လောင်းတွေ့ရှိထားပြီး ကီဗူးရေကန်တွင်လည်း မျောပါနေသည့်အလောင်း ၁၂၀ တွေ့ရှိထားကြောင်း သောမက်ဘာကင်ဂါက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“ကြာသပတေးနေ့တည်းက အလောင်းတွေ တောက်လျှောက် ရှာတွေ့နေပြီး မြေမြှုပ်ပေးနေရပါတယ်” ဟု သူကပြောသည်။
မိုးသည်းထန်ပြီး မြစ်ရေကာတာများ ကျိုးပေါက်ခဲ့သည့်အတွက် ဒေသတွင်း ရေလွှမ်းမိုးခံရသည့် ကျေးရွာ အများအပြားရှိပြီး လယ်ကွင်းများလည်း ပျက်စီးခဲ့ရသည်။
ပဲ၊ ဂျုံ နှင့်အခြားစားနပ်ရိက္ခာများ၊ တာပေါ်လင်စများနှင့် ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ်တစ်စီးကို ခရိုင်အစိုးရက စေလွှတ်ထားသည်ဟု အုပ်ချုပ်ရေးမှူး ဘာကင်ဂါ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဥတုရာသီအပြောင်းအလဲကြောင့် ပြင်းထန်ဆိုးဝါးသော ရာသီဥတုအခြေအနေများသည် ပိုမိုဆိုးရွားစွာဖြင့် အကြိမ်ရေပိုမိုများပြားစွာ ဖြစ်ပွားလာနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ ကွန်ဂိုရေကြီးမှု မဖြစ်ပွားမီ ရှေ့နှစ်ရက်ကလည်း အိမ်နီးချင်း ရဝမ်ဒါနိုင်ငံ၌ ရေကြီးမှုကြောင့် လူ ၁၃၁ ဦးထက်မနည်း သေဆုံးကာ နေအိမ်ထောင်ပေါင်းများစွာလည်း ပျက်စီးခဲ့သည်။