ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် အာရှအားကစားပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် တရုတ်လက်ခံ ကျင်းပမည်

ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် အာရှအားကစားပွဲတော်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပွဲတော်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံကပင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေး တာဝန်ရှိသူများက ဇူလိုင်လ ၁၉ရက်နေ့တွင် ပြောကြားလိုက်သည်။

21 Jul 2022

ဟန်ကျိုးမြို့တွင် စက်တင်ဘာလ၌ ကျင်းပမည့်အာရှအားကစားပွဲတော်ကို ၂၀၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၂၁

ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် အာရှအားကစားပွဲတော်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပွဲတော်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံကပင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေး တာဝန်ရှိသူများက ဇူလိုင်လ ၁၉ရက်နေ့တွင် ပြောကြားလိုက်သည်။

အားကစားပွဲများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ဟန်ကျိုး မြို့တော်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ(the Olympic Council of Asia-OCA) ကပြောကြားသည်။

အားကစားပွဲတော်ကို ယခုနှစ်စက်တင်ဘာလတွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ နေရာများစွာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနှုန်းပြန်လည်မြင့်တက်လာမှုကို နှိမ်နင်းရန် ကြိုးပမ်းခဲ့ ရသဖြင့် ပွဲကျင်းပမည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန် တာဝန်ရှိသူများက မေလတွင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဟန်ကျိုးမြို့သည် နိုင်ငံ၏ အကြီးဆုံးမြို့တော် ရှန်ဟိုင်းမြို့မှ ကီလိုမီတာ ၂၀၀ နီးပါးသာကွာဝေးပြီး ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ကို အမြစ်ပြတ်ချေမှုန်းသည့်နည်းလမ်းဖြင့် လပေါင်းများစွာကြာအောင် အသွားအလာပိတ်ဆို့ကန့်သတ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။

အာရှအိုလံပစ်ကောင်စီအနေဖြင့် “အခြားသော နိုင်ငံတကာအားကစားပွဲများနှင့် ရက်တိုက်နေမှု” များကို ရှောင်နိုင်ရန် ရက်စွဲအသစ်များ သတ်မှတ်ရခြင်းဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

အာရှအားကစားပွဲတော်တွင် ဒေသတစ်ခုလုံးရှိ အားကစားသမား ၁၀,၀၀၀ ကျော်လာရောက်ယှဉ်ပြိုင် လေ့ရှိသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာခရီးသွားလာမှုများတွင် တင်းကြပ်သော ပိတ်ဆို့မှုများ၊ လူအစုအဝေးအလိုက် ရောဂါပိုးစစ်ဆေးမှုများနှင့် ပြတ်ပြတ်သားသားထိန်းချုပ်မှုများဖြင့် ဗိုင်းရပ်စ်ပြန့်ပွားနှုန်းကို နှိမ်နင်းရန် ကြိုးပမ်း သည့် စီးပွားရေးအင်အားကြီးနိုင်ငံများတွင် နောက်ဆုံးဖြစ်သည်။

သို့သော်လည်း အဆိုပါထိန်းချုပ်နည်းကြောင့် တရုတ်၏ နိုင်ငံတကာအားကစားရည်မှန်းချက် ထိခိုက်ခဲ့ရသည်။ နိုင်ငံ၏ နာမည် အကျော်ကြားဆုံးပွဲတော်ကို ဖျက်သိမ်းရခြင်း သို့မဟုတ် ကပ်ရောဂါစတင်ကတည်းက ပွဲအားလုံး နီးပါးကို ရွှေ့ဆိုင်းရခြင်းတို့ကြုံခဲ့ရသည်။

ဘေဂျင်းတွင် ယခုနှစ်အတွက် ဆောင်းရာသီအိုလံပစ်ပွဲတော် တစ်ခုသာ ကျင်းပနိုင်ခဲ့သည်။

ကမ္ဘာ့တက္ကသိုလ်များဆိုင်ရာ အားကစားပွဲတော်ကိုလည်း ချန်ဒူးမြို့တွင် ဇွန်လတွင် ကျင်းပရန် ဆောင်ရွက်ထားသော်လည်း ၂၀၂၃ ခုနှစ်မတိုင်မီအထိ ရွှေ့ဆိုင်းထားရန် မနှစ်က ကြေညာခဲ့သည်။

ဗီဒီယိုများ