- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တော်လှန်ရေးခေါင်းဆောင်ကို သတ်ဖြတ်မှုဖြင့် ဘာကီနာဖာဆို သမ္မတဟောင်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်
တော်လှန်ရေးခေါင်းဆောင် သောမက်စ်ဆန်ကာရာအား ၁၉၈၇ တွင် လုပ်ကြံသတ်ဖြတ်မှုဖြင့် ဘာကီနာဖာဆိုသမ္မတဟောင်း ဘလိုက်စီကမ်ပိုရီကို စစ်ဘက်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Apr 2022

DMG ၊ ဧပြီ ၁၉
တော်လှန်ရေးခေါင်းဆောင် သောမက်စ်ဆန်ကာရာအား ၁၉၈၇ တွင် လုပ်ကြံသတ်ဖြတ်မှုဖြင့် ဘာကီနာဖာဆိုသမ္မတဟောင်း ဘလိုက်စီကမ်ပိုရီကို စစ်ဘက်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတွင်း ၃၄ နှစ်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည့် အဆိုပါဖြစ်ရပ်ကို ပြည်ဖုံးကားချပြီး အမိန့်ကြေညာချက် ဖတ်ကြားခဲ့ချိန်၌ တရားရုံးအတွင်း လက်ခုပ်သြဘာ ပေးခဲ့ကြကြောင်း သတင်းက ဖော်ပြသည်။
လုပ်ကြံသတ်ဖြတ်သည့် အုပ်စုကို ဦးဆောင်ခဲ့သည်ဟု သတ်မှတ်ယူဆခံရသည့် အရာရှိတစ်ဦးဖြစ်သူ ယာစင်သီကာဖင်ဒို၊ လုပ်ကြံမှုဖြစ်ပွားချိန်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဂီးလ်ဘက်ဒန်ဒရေတို့ကိုလည်း ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ခဲ့သည်။
သမ္မတဟောင်းကမ်ပိုရီသည် ၂၀၁၄ ခုနှစ်တွင် လူထုအုံကြွ ဆန္ဒပြမှုကြောင့် ရာထူးမှစွန့်ခွာခဲ့ရပြီး လက်ရှိတွင် အိုင်ဗရီကို့စ်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။ ကာဖင်ဒိုသည်လည်း ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ ၎င်းတို့ကို မျက်ကွယ်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အနောက်နိုင်ငံများအား ကိုလိုနီလက်သစ်များ၊ ကြောင်သူတော်များအဖြစ် ရည်ညွှန်းပြောကြားလေ့ရှိသူ သောမက်စ်ဆန်ကာရာသည် ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခံလုပ်ကြံခံခဲ့ရသည်။ ဆန်ကာရာသည် အသက် ၃၃ နှစ်အရွယ်တွင် စစ်တပ်ဗိုလ်ကြီးရာထူး ရရှိခဲ့ပြီးနောက် လေးနှစ်ကျော်အကြာ၌ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။
သမ္မတဟောင်း ကမ်ပိုရီသည် ဆန်ကာရာ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ကာ ၎င်းအုပ်ချုပ်ခဲ့သည့် ၂၄ နှစ်တာအတွင်း ဆန်ကာရာသေဆုံးမှုအကြောင်းကို ပြောခွင့်မရှိဘဲ ပိတ်ပင်ထားခဲ့သည်။