ကိုရိုနာကပ်ဘေးအား ၂ နှစ်အတွင်း ကျော်ဖြတ်နိုင်မည်ဟု WHO မျှော်လင့်

ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာကပ်ဘေးကြီးအား ၂ နှစ်အောက် အချိန်အတွင်း ကျော်ဖြတ်နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 23 Aug 2020

(ဓာတ်ပုံ - Ajith Perera/Xinhua)


ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာကပ်ဘေးကြီးအား ၂ နှစ်အောက် အချိန်အတွင်း ကျော်ဖြတ်နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့တွင် ပြောကြားလိုက်သည်။

“နီးကပ်တဲ့ဆက်ဆံရေး၊ အချင်းချင်း ချိတ်ဆက်နေမှု စသည်ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အားနည်းချက်တွေ ရှိနေပေမယ့် ပိုမိုကောင်းမွန်တဲ့ နည်းပညာအားသာချက်ကြောင့် ဒီကပ်ဘေးကြီးကို ၂ နှစ်ထက်မကျော်တဲ့ အချိန်အတွင်း အဆုံးသတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု WHO အကြီးအကဲ တီဒရော့ အက်ဟန်နမ် ဂက်ဘရီယက်ဆု က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရထားသည့် ကိရိယာတန်ဆာပလာများအား အကောင်းဆုံးဖြစ်အောင် အကျိုးရှိရှိအသုံးချပြီး ကာကွယ်ဆေးကဲ့သို့သော ထပ်လောင်း အားဖြည့်မှုများဖြင့် ဤကပ်ဘေးအား ၁၉၁၈ တုပ်ကွေးကပ်ရောဂါထက် ပိုမိုမြန်ဆန်စွာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း WHO အကြီးအကဲက ဆိုသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် အသက် ၁၂ နှစ်နှင့် အထက် လူငယ်များအနေဖြင့်လည်း လူကြီးများကဲ့သို့ပင် မျက်နှာဖုံးများ တပ်ဆင်ရန်လိုအပ်ကြောင်း WHO က အကြံပြုထားသည်။

လက်ရှိအချိန်၌ ကိုဗစ်-၁၉ ကုသဆေး မရရှိသေးသဖြင့် အစိုးရများသည် ပြည်သူလူထုအား အချင်းချင်း ခပ်ခွာခွာနေကြရန် တိုက်တွန်းချက်ကိုသာ အဓိက အားထားနေရသည်။

အနောက်ဥရောပနိုင်ငံများတွင် ပြီးခဲ့သောလများအတွင် ကူးစက်မှု အတန်အသင့် လျော့နည်းခဲ့ရာမှာ ယခုသီတင်းပတ်များအတွင်း တစ်ကျော့ပြန် မြင့်တက်လာနေသဖြင့် ကိုဗစ် ဒုတိယလှိုင်း ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

စပိန်နိုင်ငံ၏မြို့တော် မက်ဒရစ်၌ ကူးစက်မှု အကြီးအကျယ်ရှိနေသည့် နေရာများရှိ ပြည်သူများအား အစိုးရက အတတ်နိုင်ဆုံး အပြင်မထွက်ကြရန် အကြံပြုထားသည်။ စပိန်တွင် ပြီးခဲ့သော ၂၄ နာရီအတွက် အသစ်ကူးစက်မှု ၈ ထောင်ကျော် ရှိသည်။

ပြင်သစ်တွင်လည်း ကူးစက်မှု ၄၀၀၀ ကျော် တွေ့ရှိရသည်မှာ ၂ ရက်ဆက်တိုက်ရှိနေပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် သြဂုတ်လ ၂၂ ရက် ညဉ့်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၂၃ သန်းကျော်၊ သေဆုံးသူ ၈ သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ