ယူကရိန်းတွင် သေဆုံးခဲ့သည့် ဗီဒီယိုသတင်းထောက်ကို ပြင်သစ်က ဂုဏ်ပြုဆုပေးအပ်

ဆိုဒင်းသည် မေလ ၉ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရောက်ရှိနေစဉ် ဒုံးကျည်ပစ်ခတ်မှု တစ်ခုအတွင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။

By Admin 15 Jul 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

ယူကရိန်းတွင် သတင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် သေဆုံးခဲ့ရသည့် AFP ဗီဒီယိုသတင်းထောက် အာမန်ဆိုဒင်းအား ပြင်သစ်တွင် ပြီးခဲ့သောကြာသပတေးနေ့က Legion d’Honneur ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆိုဒင်းသည် မေလ ၉ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရောက်ရှိနေစဉ် ဒုံးကျည်ပစ်ခတ်မှု တစ်ခုအတွင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်က မေလအတွင်း အေအက်ဖ်ပီသတင်းဌာနသို့ ပေးပို့ခဲ့သည့်စာ၌ ဆိုဒင်း၏ ‘ရဲဝံ့စွန်းစားမှု’ ကို ချီးမွမ်းပြောကြားထားသည်။

“သူ့ရဲ့အပြုအမူ၊ သူ့ခရီးစဉ်နဲ့ သူ့ရဲ့လမ်းကြောင်းတွေကတစ်ဆင့် အာမန်ဆိုဒင်းဟာ အမှန်တရားကို အသိပေးလိုခြင်း၊ အကြောင်းအရာများကို ပြောပြခြင်းနဲ့ သက်သေအထောက်အထားများ စုဆောင်းခြင်းဆိုတဲ့ အယ်ဒီတာတစ်ယောက်ရဲ့ စိတ်အာရုံကို သရုပ်ထင်စေခဲ့ပါတယ်” ဟု မက်ခရွန်၏စာတွင် ဖော်ပြထားသည်။

ဆိုဒင်းကို ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ Legion d’honneur သည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှ စတင်အသက်ဝင်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သည့် သမ္မတစာချွန်လွှာ၌ ဖော်ပြထားသည်။

အသက် ၃၂ နှစ်အရွယ်ဆိုဒင်းသည် ဆာရာယေဗိုမြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ဘော့စနီးယားနှင့် ပဋိပက္ခဖြစ်ပွားစဉ် ကလေးအရွယ်၌ လူသားချင်းစာနာမှု ကူညီရေး လေကြောင်းခရီးစဉ်ဖြင့် မိသားစုနှင့်အတူ ၁၉၉၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ပြင်သစ်၊ အင်္ဂလိပ်နှင့် အီတလီဘာသာစကားများ ပြောဆိုသည့် ဆိုဒင်းသည် လန်ဒန်၊ လိုင်ယွန်နှင့် ဆာရာယေဗိုတို့တွင် ပညာသင်ကြားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် အေအက်ဖ်ပီ၏ ရောမမြို့ရုံးတွင် အလုပ်သင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားသည့်အချိန်၌ ဆိုဒင်းသည် အေအက်ဖ်ပီသတင်းဌာနက ယူကရိန်းသို့ ပထမဆုံးစေလွှတ်သည့် သတင်းအဖွဲ့တွင် ပါဝင်ထမ်းဆောင်ရန် စာရင်းပေးသွင်းခဲ့သည်။ ဆိုဒင်းတို့အဖွဲ့သည် ယူကရိန်းစစ်သားများနှင့်အတူ ဘာမွတ်မြို့အနီးတွင် လိုက်ပါသတင်းရယူခဲ့ကြသည်။ မေလ ၉ ရက်နေ့က ချာဆစ်ယာကျေးရွာအနီး၌ ၎င်းတို့ရှိနေစဉ် ဒုံးကျည်များဖြင့် ပစ်ခတ်ခံရစဉ်၌ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်ဆင်နွှဲခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ ယူကရိန်းတွင် သေဆုံးရသူ သတင်းသမား အရေအတွက်သည် အနည်းဆုံး ၁၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သတင်းသမားများအား အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ