နိုင်ငံရေးအကျဉ်းသားများအား ကွပ်မျက်မှုအပေါ် G7 အဖွဲ့ဝင်နိုင်ငံများ ရှုတ်ချ

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်ပေးကာ ကွပ်မျက်လိုက်သည့်အပေါ် G7 နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချကြောင်း ပူးတွဲကြေညာချက်တစ်စောင်အား ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

29 Jul 2022

 

သေဒဏ်စီရင်မှုအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်မှု တစ်ခုအား ရန်ကုန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - လူငယ်ခေတ်

DMG ၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်ပေးကာ ကွပ်မျက်လိုက်သည့်အပေါ် G7 နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချကြောင်း ပူးတွဲကြေညာချက်တစ်စောင်အား ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် “နောက်ထပ် တစ်ဖက်သတ်ကွပ်မျက်မှုများကို ရှောင်ရှားရန်” နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန်လည်း အဖွဲ့ကြီးက တောင်းဆိုသည်။

“မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးဖြစ်ပြီး မျှတသောတရားစီရင်ရေးစနစ် ကင်းမဲ့နေသည့် ဤကွပ်မျက်မှုများသည် မြန်မာလူထု မဆုတ်မနစ်လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းအား စစ်အစိုးရ၏ မထီမဲ့မြင်ပြုမှုကို ပြသနေသည်” ဟု G7 နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကြေညာချက်အား ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာအာဏာပိုင်များသည် သေဒဏ်ချမှတ်ခံထားရသော ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်လိုက်ပြီဟု ဇူလိုင်လ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာ၌ ကြေညာခဲ့သည်။ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့တွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ကာ အဆိုပါပြစ်ဒဏ်ကို စီရင်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုအား မိမိတို့အနေဖြင့် အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပြီး နိုင်ငံတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေး အခြေအနေများအပေါ် အထူးစိုးရိမ်လျက်ရှိကြောင်း” လည်း G7 အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

G7 အဖွဲ့ကြီးကို ၁၉၇၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။

ဗီဒီယိုများ