လောင်စာဆီနှင့် ကျောက်မီးသွေးကုန်သွယ်မှု မြင့်တက်နေသည့် အိန္ဒိယနှင့်ရုရှားတို့ စွမ်းအင်လုံခြုံရေး ဆွေးနွေးမည်

အိန္ဒိယနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အဖွဲ့ဝင်များသည် ဥဇဘက်ကစ္စတန်တွင်ပြုလုပ်သည့် အစည်းအဝေး၌ စွမ်းအင်လုံခြုံရေးကိစ္စရပ်ကို ဆွေးနွေးကြမည်ဟု အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ဗီနေးကာဝါထရာက စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

16 Sep 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုက်ဒါဘက်စံအိမ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၁၆

အိန္ဒိယနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အဖွဲ့ဝင်များသည် ဥဇဘက်ကစ္စတန်တွင်ပြုလုပ်သည့် အစည်းအဝေး၌ စွမ်းအင်လုံခြုံရေးကိစ္စရပ်ကို ဆွေးနွေးကြမည်ဟု အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ဗီနေးကာဝါထရာက စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဆာမာကန်မြို့တော်တွင် နှစ်ရက်ကြာကျင်းပမည့် အစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၊ တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာရှာရစ်တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

ယူကရိန်းကိုကျူးကျော်မှုကြောင့် အနောက်အုပ်စုများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသော ရုရှားသည် ၎င်း၏ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များ ရှာဖွေလျက်ရှိသည်။

ယခုအစည်းအဝေးသည် အိန္ဒိယသို့ ရုရှားနိုင်ငံမှ လောင်စာဆီ၊ ကျောက်မီးသွေးနှင့် ဓာတ်မြေသြဇာများ သိသိသာသာ တိုးမြှင့်တင်သွင်းနေချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

“SCO ခေါင်းစဉ်အောက်ကနေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ စွမ်းအင်လုံခြုံရေးနဲ့ အခြားအရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါဝင်ဆွေးနွေးကြမှာပါ”ဟု ကာဝါထရာက ပြောကြားသည်။

SCO သည် ၁၉၉၀ အလွန်ကာလများတွင် ဗဟိုအာရှ၌ ရုရှား၊ တရုတ်နှင့် ဆိုဗီယက်အလွန်နိုင်ငံများ သဘောတူခဲ့သည့် လုံခြုံရေး သဘောတူညီချက်တစ်ရပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ငါးနှစ်အကြာတွင် SCO သို့ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ ပါဝင်လာခဲ့ပြီး ကမ္ဘာအကြီးဆုံး ဒေသန္တရအဖွဲ့အစည်းကြီး ဖြစ်လာခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် သောကြာနေ့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် ရုရှားဓာတ်မြေသြဇာ ရောင်းချရေးတို့အပါအဝင် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးကြမည်ဟု ကရင်မလင်က ပြောကြားထားသည်။

ဗီဒီယိုများ