လောင်စာဆီဈေးမြင့်တက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပေါ်

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လောင်စာဆီဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းကျော်မြင့်တက်စေခဲ့သည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရန် အစိုးရအား ဖိအားပေးသည့်အနေဖြင့် မြို့တော်တွင် လူအုပ်ကြီးစုဝေးကာ နိုင်ငံတစ်ဝန်း ထောင်နှင့်ချီသောလူများ ဆန္ဒပြခဲ့ကြသည်။

08 Sep 2022

ဓာတ်ဆီဈေးမြင့်တက်ခြင်းအပေါ် မကျေနပ်ကြောင်းပြသသည့်အနေဖြင့် ဂျာကာတာရှိ ပါလီမန်အပြင်ဘက်၌ အင်္ဂါနေ့တွင် ဆန္ဒပြသူများ စုဝေးနေကြစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ စက်တင်ဘာ ၈

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လောင်စာဆီဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းကျော်မြင့်တက်စေခဲ့သည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရန် အစိုးရအား ဖိအားပေးသည့်အနေဖြင့် မြို့တော်တွင် လူအုပ်ကြီးစုဝေးကာ နိုင်ငံတစ်ဝန်း ထောင်နှင့်ချီသောလူများ ဆန္ဒပြခဲ့ကြသည်။

တစ်စစဖောင်းပွလာနေသည့် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ဘတ်ဂျက်ကို ထိန်းချုပ်ရမည့် ဖိအားအောက်တွင်ရှိနေသည့် သမ္မတ ဂျိုကိုဝီဒိုဒိုက ထောက်ပံ့ကြေးကိုဖြတ်တောက်ရန်နှင့် လောင်စာဆီဈေးကို ပြီးခဲ့သည့်နှစ်ကထက် ၃၂ ရာခိုင်နှုန်းခန့် မြင့်တက်စေရန် ခွင့်ပြုပေးခြင်းမှလွဲ၍ ရွေးချယ်ရန်မရှိကြောင်း စနေနေ့က ပြောကြားခဲ့သည်။

မြို့တော်ဂျကာတာ မြို့တွင်းနှင့်မြို့အနီးတစ်ဝိုက်၊ ဆူရာဘာယာ၊ မကာဆာ၊ ကန်ဒါရီ၊ အာချေး၊ ယော်ယာကာတာ မြို့များတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဆက်တိုက်ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကြားတွင် ကျောင်းသားများနှင့် အလုပ်သမားအဖွဲ့များဦးဆောင်သည့် ဆန္ဒပြပွဲများသည် ယခုသီတင်းပတ်အတွင်း လူစုလူဝေးကိုဆွဲဆောင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဂျာကာတာတခွင်တွင် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကျက်ချထားခဲ့ပြီး ကုန်ဈေးနှုန်းတက်ခြင်းကြောင့် မြင့်တက်လာမည့် ဒေါသထွက်မှုများအတွက် ဓာတ်ဆီဆိုင်များသည် ပစ်မှတ်များဖြစ်လာမည်ကိုစိုးရိမ်သဖြင့် ဓာတ်ဆီဆိုင်များတွင် ရဲများအများအပြား စောင့်ကြပ်လျက်ရှိကြသည်။

အလုပ်သမားသမဂ္ဂများက ကုန်ဈေးနှုန်းတက်ခြင်းသည် အလုပ်သမားများနှင့် မြို့ပေါ်နေဆင်းရဲသားများကို အများဆုံး ထိခိုက်နစ်နာစေလိမ့်မည်ဟု ပြောဆိုခဲ့ကြသည်။

စားနပ်ရိက္ခာစရိတ်စကများ မြင့်တက်လာခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဒယိမ်းဒယိုင်ဖြစ်နေသေးသည့် စီးပွားရေးအခြေအနေတို့အကြားတွင် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းကြောင့် အားလပ်ရက်များနှင့် တနင်္လာနေ့များတွင် ဆန္ဒပြပွဲငယ်များဖြစ်ပွားခဲ့သည့်အပြင် တာယာများမီးရှို့၍ လမ်းအချို့ကိုပိတ်ဆို့ခြင်းဖြင့် ဆန္ဒပြသူများက ၎င်းတို့၏ဒေါသများကို ထုတ်ဖော်ခဲ့ကြသည်။

ဗီဒီယိုများ