ရုရှားထံမှ လောင်စာဆီဝယ်ယူရန် အင်ဒိုနီးရှား စဉ်းစားနေ

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် စွမ်းအင်ကုန်ကျစရိတ်မြင့်တက်မှုဖိအားကို ကာမိရန်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ပင် ရုရှားရေနံဝယ်ယူရန် စဉ်းစားနေကြောင်း Financial Times က တနင်္လာနေ့တွင်ဖော်ပြသည်။

By Foreign Desk 13 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၁၃

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် စွမ်းအင်ကုန်ကျစရိတ်မြင့်တက်မှုဖိအားကို ကာမိရန်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ပင် ရုရှားရေနံဝယ်ယူရန် စဉ်းစားနေကြောင်း Financial Times က တနင်္လာနေ့တွင်ဖော်ပြသည်။

"ရွေးချယ်စရာနည်းလမ်းတွေ အကုန်လုံးကို ကျွန်တော်တို့ အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ဝယ်ယူလို့ရတဲ့နိုင်ငံရှိပြီးတော့ ပိုသက်သာကောင်းမွန်တဲ့ဈေးနဲ့ အဲနိုင်ငံကကမ်းလှမ်းခဲ့မယ်ဆိုရင် ဝယ်မှာပါ"ဟု Financial Times နှင့် အင်တာဗျူးတွင် အင်ဒိုနီးရှားက ရုရှားထံမှ ရေနံဝယ်ယူမည်လားဟု မေးမြန်းခံရသောအခါတွင် သမ္မတကပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် သမ္မတ ဂျိုကိုဝီဒိုဒိုသည် ထောက်ပံ့ပေးထားသော လောင်စာဆီဈေးနှုန်းများကို ၃ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးမှုများကြောင့် ၎င်း၏နောက်ဆုံးရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် လူဦးရေသန်း ၂၇ဝ ရှိသည့် နိုင်ငံတဝန်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

G-7 နိုင်ငံများက သဘောတူညီထားသည့် ပမာဏထက်များသည့် ဈေးနှုန်းဖြင့် ရုရှားရေနံကို ဝယ်ယူမည်ဆိုပါက အင်ဒိုနီးရှားသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံရနိုင်သည်။

ဩဂုတ်လတွင် ခရီးသွားလုပ်ငန်းဝန်ကြီး ဆန်ဒီရာဂါယူနိုက အင်ဒိုနီးရှားသည် ရုရှားရေနံကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်တွင် နိုင်ငံပိုင်ရေနံကုမ္ပဏီ ပါတာမီနာက ရုရှားရေနံဝယ်ယူခြင်း၏ အန္တရာယ်များကို ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် သြဂုတ်လတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့သည်။ ပြည်တွင်း စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဗဟိုဘဏ်၏ရည်မှန်းထားသည့် အတိုင်းအတာထက် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်မှာ ၃ လဆက်တိုက် ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ