မြန်မာ့အကျပ်အတည်းအတွက် အရေးပါသူများနှင့် တိတ်တဆိတ် တွေ့ဆုံနေသည်ဟု အင်ဒိုနီးရှားပြော

အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်သည် ပြီးခဲ့သော ၂ နှစ်က မြန်မာစစ်တပ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများအားလုံး ဆွေးနွေးရေးစားပွဲဝိုင်းသို့ ရောက်လာရေးအတွက် အရေးပါသည့် လုပ်ရပ်လည်း ဖြစ်သည်။

05 May 2023

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ။ ဓာတ်ပုံ - Reuters
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ။ ဓာတ်ပုံ - Reuters

ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို မြန်မြန်ဆန်ဆန် စတင်ဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံမှ အရေးပါအရာရောက်သူများသာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ တရုတ်တို့နှင့်ပါ တိတ်တဆိတ် ချိတ်ဆက်ဆောင်ရွက်နေသည်မှာ လပေါင်းများစွာရှိပြီဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဝန်ကြီး ရက်နိုမာဆူဒီသည် အစောပိုင်းက ရိုက်တာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမှုတွင်လည်း လက်ရှိအာဆီယံဥက္ကဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့ပဋိပက္ခကို ကျော်လွှားနိုင်ရေးအတွက် တိတ်တဆိတ် ဆောင်ရွက်မှုများ ရှိနေပြီး သံတမန်များသည် မြန်မာနိုင်ငံမှ အရေးပါသည့် အင်အားစုများ အားလုံးနှင့် တွေ့ဆုံမှု အကြိမ်ရေ ၆၀ ကျော် ရှိပြီဟု ဖြေကြားထားသည်။

အဆိုပါတွေ့ဆုံမှုများ၌ မြန်မာစစ်အုပ်စု၊ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NUG အစိုးရတို့လည်း ပါဝင်သည်ဟု သူကပြောသည်။

နောက်ပိုင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဝန်ကြီးရက်နိုက ပါဝင်ပတ်သက်နေသူများ အားလုံး၏ ယုံကြည်မှုကို စောင့်ထိန်းရန် အထူးအရေးကြီးသည်ဟု ပြောကြားသည်။

“အင်ဒိုနီးရှားဟာ အသံကုန် ထုတ်အော်မပြောတဲ့ သံတမန်နည်းလမ်းကို ကျင့်သုံးနေပါတယ်။ ဒါက သက်ဆိုင်သူများအားလုံးနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီလိုမှသာ သူတို့က ကျွန်မတို့ကို စကားပြောချင်စိတ် ဖြစ်လာမှာပါ” ဟု သူကပြောသည်။

“တိတ်တဆိတ် သံတမန်နည်းလမ်းကို ကျင့်သုံးနေတယ်ဆိုတာ ကျွန်မတို့ ဘာမှမလုပ်ဘူးလို့ အဓိပ္ပာယ်မထွက်ပါဘူး။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ လေးလအတွင်း အင်ဒိုနီးရှားဟာ အများကြီး ဆောင်ရွက်ခဲ့ပါတယ်” ဟုလည်း ရက်နိုမာဆူဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်သည် ပြီးခဲ့သော ၂ နှစ်က မြန်မာစစ်တပ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများအားလုံး ဆွေးနွေးရေးစားပွဲဝိုင်းသို့ ရောက်လာရေးအတွက် အရေးပါသည့် လုပ်ရပ်လည်း ဖြစ်သည်။

အင်ဒိုနီးရှား၏ ပြောကြားချက်အပေါ် မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့မှ တာဝန်ရှိသူများကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ၌ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပေ။

NUG ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ရပ်အတွက် အာဆီယံဥက္ကဌနှင့် ပူးပေါင်းဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်း ရိုက်တာသို့ ဖြေကြားသည်။

အင်ဒိုနီးရှား၏ ယခုဆောင်ရွက်ချက်များကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက အားပေးထောက်ခံကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦက ပြောကြားသည်။

လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း ရက်နိုမာဆူဒီ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ