ယူကရိန်းခုခံစစ် အားကောင်းလာသည့်အတွက် ခါကစ်ဧရိယာနှစ်ခုမှ တပ်များကို ရုရှားတို့ ရုတ်သိမ်း

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကစ်ဒေသရှိ နေရာနှစ်ခုမှ တပ်များကို ရုပ်သိမ်းလျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကြေညာလိုက်သည်။

By Foreign Desk 11 Sep 2022

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ကီယက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

DMG ၊ စက်တင်ဘာ ၁၁

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကစ်ဒေသရှိ နေရာနှစ်ခုမှ တပ်များကို ရုပ်သိမ်းလျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကြေညာလိုက်သည်။

အဆိုပါဧရိယာများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းတပ်များက တစ်ကျော့ပြန်ထိုးစစ်များ အပြင်းအထန် ဆင်နွှဲခဲ့သည့်နေရာများဖြစ်သည်။

ဘာလာလီယာနှင့် အီဇီယွန်တို့မှ ရုရှားတပ်များအား ဒွန်းညက်အရှေ့ပိုင်းဒေသတွင် ပြန်လည်စုစည်းမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အီဂေါ်ကိုနာရှန်ကော့က ပြောကြားသည်။

အီဇီယွန်သည် ခါကစ်ဒေသတွင် ရုရှားတပ်များ၏ ပင်မအခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာပေါ်၌ တွေ့ရသည့် ဗီဒီယိုဖိုင်များတွင် ဘာလာလီယာဒေသခံများသည် ယူကရိန်းတပ်များ ဝင်လာသည့်အတွက် ပျော်ရွှင်မြူးထူးစွာ ဂုဏ်ပြုနေကြသည်ကို တွေ့ရသည်။

“ရုရှားစစ်တပ်ဟာ ဒီရက်ပိုင်းမှာ သူတို့အတွက် အကောင်းဆုံးလုပ်ရပ်ကို လုပ်ပြနေကြပါတယ်။ ဒါကတော့ နောက်ပြန်လှည့်တာပဲ ဖြစ်ပါတယ်” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက စနေနေ့ညဉ့်ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ပြောကြားထားသည်။

“ထွက်ပြေးတာဟာ သူတို့အတွက် ဆုံးဖြတ်ချက်ကောင်းတစ်ခုဆိုတာ အသေအချာပါပဲ”ဟုလည်း သူကဆိုသည်။

ကိုနာရှန်ကော့ကမူ ရုရှားတပ်များသည် မူလပန်းတိုင်ဖြစ်သည့် ဒွန်ဘက်စ်ဒေသလွတ်မြောက်ရေးအတွက် အထူးစစ်ဆင်ရေးကို အောင်မြင်အောင် ဆောင်ရွက်ရန်အတွက် နေရာပြောင်းရွှေ့ခြင်းဟု ပြောကြားသည်။

ရုရှားတို့သည် ယခုနှစ်အစောပိုင်းက ယူကရိန်းမြို့တော် ကီယက်ကို မသိမ်းပိုက်နိုင်ဘဲ တပ်ရုတ်ခဲ့စဉ်ကလည်း ဒွန်းညက်စ်ဒေသကို ပိုမိုအာရုံစိုက်နိုင်ရန် ရုတ်သိမ်းရခြင်းဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့် ခါကစ်တောင်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်၌ ယူကရိန်းတပ်များသည် ထိုးစစ်များကို သိသိသာသာ အရှိန်မြှင့်ကာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုတိုက်ပွဲများသည် ရုရှားတို့၏ကျူးကျော်စစ် ခုနှစ်လနီးပါးရှိလာခဲ့ပြီးနောက်တွင် ယူကရိန်းတို့ ရုရှားတပ်များအား အောင်မြင်စွာ ခုခံနိုင်ခဲ့သည့် တိုက်ပွဲများလည်းဖြစ်သည်။

ဗီဒီယိုများ