- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
မသန့်သည့်အရာများ ရောနှောပါဝင်သည့် ကိုကင်း သုံးစွဲမိသဖြင့် အာဂျင်တီးနားတွင် လူ ၂၀ သေဆုံး
အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့တော် ဆင်ခြေဖုံး၌ အဆိပ်သင့်စေနိုင်သည့် အရာများ ရောနှောပါဝင်သော ကိုကင်းသုံးစွဲမိသဖြင့် အနည်းဆုံး ၂၀ ဦးသေဆုံးကာ နောက်ထပ် ၇၄ ဦးမှာလည်း ဆေးရုံတက်ရောက် ကုသမှုခံယူနေရကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄
အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့တော် ဆင်ခြေဖုံး၌ အဆိပ်သင့်စေနိုင်သည့် အရာများ ရောနှောပါဝင်သော ကိုကင်းသုံးစွဲမိသဖြင့် အနည်းဆုံး ၂၀ ဦးသေဆုံးကာ နောက်ထပ် ၇၄ ဦးမှာလည်း ဆေးရုံတက်ရောက် ကုသမှုခံယူနေရကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ရောနှောထားသည့်အရာမှာ Opioid အကိုက်အခဲပျောက်ဆေး အမျိုးအစား ဖြစ်နိုင်ခြေရှိပြီး အတိအကျကို သိရရန် အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အဆိုပါကိုကင်းကို ဝယ်ယူခဲ့သူများ အနေဖြင့်လည်း အသုံးမပြုဘဲ လွှင့်ပစ်လိုက်ကြရန် အာဏာပိုင်များက သတိပေးထားသည်။
“ပင်မအာရုံကြောစနစ်ကို တိုက်ခိုက်နေတဲ့ ဓာတ်တစ်မျိုး ဒီအထဲမှာ ရောနှောပါဝင်နေပါတယ်” ဟု ဗျူနိုအဲရစ်ခရိုင် လုံခြုံရေးမှူး ဆာဂျီယိုဘာနီက Telefe ရုပ်သံဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပြောကြားထားသည်။ အဆိုပါဓာတ်ကို ကိုယ်တွင်းမှ ဖယ်ရှားနိုင်ရေးအတွက် အမျိုးအစားသိရရန် အာဏာပိုင်များ ကြိုးစားနေကြသည်ဟုလည်း သူကပြောသည်။
၎င်းကိုကင်းများ ရောင်းချသည့်နေရာဟု ယူဆရသည့် ထရက်စ်ဒီဖက်ဘရယ်ရို ဆင်းရဲသားရပ်ကွက်မှ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်စီးပြီး လူ ၁၀ ဦးခန့် ဖမ်းဆီးထားသည်။
အဆိပ်သင့်မှုကြောင့် သေဆုံးမှုသတင်းများ ဆေးရုံသုံးခုမှ တင်ပြလာပြီးနောက်တွင် အာဏာပိုင်များသည် အရေးပေါ်သတိပေးချက်တစ်ရပ်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။ ကုသမှုခံယူနေသူ များအနက် အများအပြားက မိမိတို့သည် ကိုကင်းအတူတူ သုံးစွဲခဲ့ကြသည်ဟု ဆရာဝန်များကို အသိပေးခဲ့သည်။