လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုဖြင့် ဂျပန်အစိုးရကို စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ဦး တရားစွဲ

ဂိုနိုအိသည် သင်တန်းလေ့ကျင့်မှုများအတွင်း သူမ၏ တပ်ခွဲတွင်း၌ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုနှင့် အနိုင်ကျင့်ခံရမှုများ ပုံမှန်လိုလို ရင်ဆိုင်ခဲ့ရကြောင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့သည်။

By Admin 31 Jan 2023

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုဖြင့် ဂျပန်အစိုးရကို စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ဦး တရားစွဲ

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမည့် ရီနာဂိုနိုအိ။ / ဓာတ်ပုံ - AFP

သူမ၏ လုပ်ဖော်ကိုင်ဖက်များထံတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကို ခံခဲ့ရသူ ဂျပန်စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ဦးက “ဟန်ပြ” တောင်းပန်မှုနှင့် ပတ်သက်၍ အစိုးရနှင့် ကျူးလွန်သူများကို တရားစွဲမည်ဟု ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

အနိုင်ကျင့်မှုများနှင့် ပတ်သက်၍ သက်သေမလုံလောက်ဟု အကြောင်းပြကာ စုံစမ်းစစ်ဆေးမှုများ ရပ်တန့်ခံခဲ့ပြီးနောက်တွင် စစ်မှုထမ်းဟောင်း ရီနာဂိုနိုအိသည် သူမရင်ဆိုင်ခဲ့ရသည့် အကြောင်းအရာများကို လူထုသိအောင် ယမန်နှစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့နောက်တွင် စစ်တပ်က သူမသည် ၂၀၂၁ ခုနှစ်တွင် အဆိုပါဖြစ်ရပ်များ ကြုံခဲ့ရကြောင်း အသိအမှတ်ပြုခဲ့သော်လည်း ဂိုနိုအိကြိုးပမ်းခဲ့သည့် လူထုဖိအားနှင့်အတူ သူမအတွက် စုံစမ်းစစ်ဆေးပေးရန် လူပေါင်း တစ်သိန်းကျော်က စုပေါင်းလက်မှတ် ရေးထိုးခဲ့ပြီးမှသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဂိုနိုအိသည် သင်တန်းလေ့ကျင့်မှုများအတွင်း သူမ၏ တပ်ခွဲတွင်း၌ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုနှင့် အနိုင်ကျင့်ခံရမှုများ ပုံမှန်လိုလို ရင်ဆိုင်ခဲ့ရကြောင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စစ်မှုထမ်းငါးဦးကို ရာထူးမှထုတ်ပယ်ခဲ့သည်။ 

၎င်းတို့ထဲမှ လေးဦးက သူမကို ၂၀၂၂ အောက်တိုဘာလအတွင်းက တောင်းပန်ခဲ့ကြသည်။

သို့သော်လည်း သူမ လက်ခံရရှိခဲ့သည့် ဝန်ချတောင်းပန်မှုများသည် “ဟန်ပြ” သာဖြစ်သကဲ့သို့ ကျူးလွန်သူများ၏ ရှေ့နေများသည်လည်း အဆိုပါဖြစ်စဉ်ကို နစ်နာကြေးပေးပြီး ကျေအေးခဲ့သယောင်ယောင် ပြောဆိုလျက်ရှိသည်ဟု ဂိုနိုအိက ပြောကြားသည်။

“ကျွန်မအနေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ လမ်းကြောင်းကို မရွေးချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ တကယ်နောင်တရတယ် ဆိုတာကို သေချာစေတဲ့ သတင်းစကားမျိုး ကျွန်မ မရသေးပါဘူး” ဟု သူမက သတင်းထောက်များကို ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် ဂိုနိုအိရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များအနက် တစ်ခု၌ဆိုလျှင် အထက်အရာရှိ အမျိုးသားများသည် ၎င်းတို့၏ ခန္ဓာကိုအောက်ပိုင်းကို သူမခန္ဓာနှင့် ဖိကပ်ပြီး အရှက်ရအောင် ပြုလုပ်ခဲ့သလို အခြားအမျိုးသား ၁၀ ဦးခန့်သည်လည်း ၎င်းဖြစ်ရပ်ကို ကြည့်ရှုပြီး ရယ်မောနေခဲ့ကြသည်ဟု သူမကပြောကြားသည်။

ဂိုနိုအိသည် သူမရင်ဆိုင်ခဲ့ရသည့် စိတ်ဓာတ်ရေးရာ ယိုယွင်းမှုများအတွက် ကျူးလွန်သူများထံမှ ဂျပန်ယန်း ၅.၅ သန်း နစ်နာကြေးတောင်းထားသည်။ ကျူးလွန်မှုများကို တားမြစ်ရန်နှင့် သေချာစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပျက်ကွက်ခဲ့မှုအတွက် ဂျပန်အစိုးရထံမှ ယန်း ၂ သန်း တောင်းခံထားသည်။ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာဖြင့် တွက်လျှင် ၅၈,၀၀၀ ရှိသည်။

ဗီဒီယိုများ