- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
စစ်တပ်ကြီးစိုးသော မာလီတွင် ရုရှားအကြံပေးများ ရောက်ရှိနေ
ရုရှားစစ်ဘက်ဆိုင်ရာ အကြံပေးများသည် မကြာသေးမီ သီတင်းပတ်များအတွင်း မာလီနိုင်ငံသို့ ရောက်ရှိနေကြကြောင်း အမည်မဖော်လိုသည့် မာလီစစ်တပ်အရာရှိတစ်ဦးထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Jan 2022

DMG ၊ ဇန်နဝါရီ ၈
ရုရှားစစ်ဘက်ဆိုင်ရာ အကြံပေးများသည် မကြာသေးမီ သီတင်းပတ်များအတွင်း မာလီနိုင်ငံသို့ ရောက်ရှိနေကြကြောင်း အမည်မဖော်လိုသည့် မာလီစစ်တပ်အရာရှိတစ်ဦးထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစ္စလာမစ်လက်နက်ကိုင် နှိမ်နင်းရေး ဆောင်ရွက်မှုများ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည့် မာလီနိုင်ငံ ဆာဟဲပြည်နယ်တွင် ရုရှားစစ်ဘက်ဆိုင်ရာဝန်ထမ်း ၄၀၀ ခန့် ရှိနေပြီး စီမံခန့်ခွဲမှုများ ဆောင်ရွက်နေဖွယ်ရှိကြောင်း အဆိုပါအရာရှိထံမှ သိရသည်ဟု သတင်းက ဖော်ပြသည်။
နောက်ထပ် အမည်မဖော်လိုသူ အရာရှိတစ်ဦးကလည်း ရုရှားအကြံပေးများသည် မာလီနိုင်ငံ နေရာအများအပြားတွင် ရှိနေကြကြောင်း အေအက်ဖ်ပီသို့ ပြောကြားသည်။
ယခုကဲ့သို့ မာလီတွင် ရုရှားများအား မြင်တွေ့ရခြင်းကြောင့် မာလီစစ်တပ်ကြီးစိုးထားသည့် အစိုးရသည် အငြင်းပွားဖွယ်ရာ ဝဂ္ဂနာအုပ်စုထံမှ ကြေးစားများ ငှားရမ်းထားသည်ဆိုသည့် သံသယများ ပိုမိုကြီးထွားလျက်ရှိသည်။
ဝဂ္ဂနာကြေးစားစစ်သားများအား မာလီသို့ စေလွှတ်ခြင်းအပေါ် အနောက်နိုင်ငံ ၁၅ နိုင်ငံက ပြီးခဲ့သော ဒီဇင်ဘာလ နှောင်းပိုင်းတွင် ရှုတ်ချခဲ့ကြသလို ရုရှားအစိုးရသည် ဝဂ္ဂနာအဖွဲ့အား ပစ္စည်းများ ထောက်ပံ့နေကြောင်းလည်း စွပ်စွဲခဲ့သည်။
မာလီအစိုးရကမူ နိုင်ငံတွင်း မည်သည့် ကြေးစားအဖွဲ့မျှ ရှိမနေကြောင်း ငြင်းဆန်ထားသလို ရုရှားမှ လေ့ကျင့်ရေးသမားများသည် မာလီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးကို ကူညီသင်တန်းပေးရန် ရောက်ရှိနေခြင်းသာ ဖြစ်ကြောင်း ပြောကြားထားသည်။
“ခင်ဗျားတို့က ကြေးစားလို့ ခေါ်တာက ခင်ဗျားတို့အပိုင်းပဲ။ ကျွန်တော်တို့ကတော့ သူတို့ကို ရုရှားအကြံပေးတွေလို့ ခေါ်တယ်” ဟု မာလီအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားခဲ့ကြောင်း သတင်းက ဖော်ပြသည်။
၂၀၁၂ ခုနှစ်၌ စတင်ခဲ့ပြီး နောင်သုံးနှစ်အကြာတွင် နိုက်ဂျာနှင့် ဘာကီနာဖာဆို နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည့် ဂျီဟက်လက်နက်ကိုင်များ၏ ဗဟိုချက်မနေရာသည် မာလီနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသည်။
ပြင်သစ်သည် မာလီနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး အဆိုပါဒေသ၌ စစ်အင်အား တပ်သား ၅၀၀၀ ခန့်ရှိထားသည်။
ပြင်သစ်သည် မာလီမြောက်ပိုင်းရှိ တင်ဘာတူမြို့ရှိ စခန်းတစ်ခု အပါအဝင် စစ်တပ်စခန်းသုံးခုအား မကြာသေးမီက မာလီအစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။
အဆိုပါအချိန်မှစ၍ ရုရှားအကြံပေးများသည် တင်ဘာတူသို့ ရောက်ရှိနေကြခြင်းဖြစ်ကြောင်း မာလီစစ်တပ်အရာရှိ တစ်ဦးထံမှ သိရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။