ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခိုင်းဂိုဘာချော့ဗ် ကွယ်လွန်

ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင်ဖြစ်ပြီး စစ်အေးတိုက်ပွဲကို အဆုံးသတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ မီခိုင်းဂိုဘာချော့ဗ်သည် သြဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သည်။

By Foreign Desk 31 Aug 2022

ဓာတ်ပုံ - AFP

ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင်ဖြစ်ပြီး စစ်အေးတိုက်ပွဲကို အဆုံးသတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ မီခိုင်းဂိုဘာချော့ဗ်သည် သြဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သည်။

နာတာရှည်ရောဂါခံစားနေရသော အသက် ၉၁ နှစ်အရွယ် ဂိုဘာချော့ဗ်သည် ယနေ့ညပိုင်းက ကွယ်လွန်သွားပြီဟု မော်စကို ဗဟိုကုသရေးဆေးရုံ၏ ပြောကြားချက်ကို ကိုးကားပြီး အင်တာဖက်စ်၊ တက်စ်နှင့် ရီယာနိုဗိုစတီ သတင်းဌာနများက အင်္ဂါနေ့တွင် ကြေညာသည်။

ဂိုဘာချော့ဗ်သည် ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ခေါင်းဆောင်အဖြစ် ရှိခဲ့သူဖြစ်သည်။ အဆိုပါကာလအတွင်း သူသည် အေးစက်နေသော အမေရိကန်-ဆိုဗီယက် ဆက်ဆံရေးကို တိုးတက်လာအောင် ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဂိုဘာချော့ဗ်သည် နိုင်ငံရေးနယ်ပယ် ပြင်ပတွင်သာ ရှိနေခဲ့ပြီး ကရင်မလင်နှင့် အိမ်ဖြူတော်အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် တည်ဆောက်ကြရန် ရံဖန်ရံခါ ပြောကြားမှုများသာ ရှိခဲ့သည်။

ဂိုဘာချော့ဗ်ကွယ်လွန်ခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်ဟု ကရင်မလင်ပြောခွင့်ရ ဒီမိထရိပက်စကော့က ရုရှားသတင်းအေဂျင်စီများသို့ ပြောကြားသည်။

သမ္မတသည် ဂိုဘာချော့ဗ်၏ မိသားစုထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပေးပို့မည်ဟုလည်း ပက်စကော့က ပြောကြားသည်။

နျူကလီးယားလက်နက်များအရေး သမိုင်းဝင်သဘောတူညီချက်ကို အမေရိကန်သမ္မတ ရော်နယ်ရီဂင်နှင့် ချုပ်ဆိုခဲ့ခြင်း၊ ရှေ့တစ်နှစ်က ဘာလင်တံတိုင်းပြိုလဲမှုဖြစ်စဉ်တွင် ဆိုဗီယက်စစ်တပ်အနေဖြင့် ဝင်မစွက်ရန် ဆုံးဖြတ်ခဲ့မှုသည် စစ်ဘေးတိုက်ပွဲကို အဆုံးသတ်ရာတွင် အဓိကသော့ချက်အဖြစ် ရှုမြင်ကြခြင်း စသည့်အချက်များအတွက် မီခိုင်းဂိုဘာချော့ဗ်သည် နိုဗယ်ငြိမ်းချမ်းရေးဆုကို ၁၉၉၀ ခုနှစ်တွင် ရရှိခဲ့သည်။

ဗီဒီယိုများ