- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
ဇူကာဘတ်အကြောင်း သတင်းပေါက်ကြားခြင်းကြောင့် ဝန်ထမ်း ၂၀ ကို Meta အလုပ်ထုတ်ပယ်
ဆိုရှယ်မီဒီယာကုမ္ပဏီကြီးသည် ၎င်း၏သူဌေး မာ့ခ်ဇူကာဘတ်၏ သမ္မတဒေါ်နယ်ထရမ့်ထံသို့ ဦးတည်သည့် လက်ရှိနိုင်ငံရေးအရွေ့အတွက် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
မီဒီယာများဆီသို့ သတင်းပေါက်ကြားမှုအတွက် အလုပ်သမား အယောက် ၂၀ ကို ကြာသပတေးနေ့က အလုပ်မှထုတ်ပယ်လိုက်ကြောင်း Meta က ပြောကြားခဲ့သည်ဟု AFP က ဖော်ပြထားသည်။
ဆိုရှယ်မီဒီယာကုမ္ပဏီကြီးသည် ၎င်း၏သူဌေး မာ့ခ်ဇူကာဘတ်၏ သမ္မတဒေါ်နယ်ထရမ့်ထံသို့ ဦးတည်သည့် လက်ရှိနိုင်ငံရေးအရွေ့အတွက် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
"အလုပ်ဝင်တိုင်း ဝန်ထမ်းတွေကို ကျွန်တော်တို့ ပြောထားပြီးသားပါ။ အတွင်းရေး အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားအောင် လုပ်တာဟာ ကျွန်တော်တို့ရဲ့မူဝါဒနဲ့ ဆန့်ကျင်တဲ့အကြောင်းကိုလည်း အခါအားလျော်စွာ သတိပေးပါတယ်" ဟု Meta ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကThe Verge တွင် ပထမဆုံးဖော်ပြခံလိုက်ရသော အကြောင်းအရာနှင့် စပ်လျဉ်း၍ အတည်ပြုကာ ပြောကြားသွားခဲ့သည်။
"ကျွန်တော်တို့ဟာ မကြာသေးခင်ကပဲ ကုမ္ပဏီပြင်ပဆီကို ကုမ္ပဏီရဲ့အတွင်းရေး လျှို့ဝှက်အချက်အလက်တွေကို မျှဝေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့ပြီး ဝန်ထမ်း ၂၀ လောက်ကို အလုပ်ထုတ်ပယ်လိုက်ပါတယ်။ နောက်ထပ် ထပ်ပြီး ထုတ်ပယ်ခံရတာတွေရှိလာလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ ကျွန်တော်တို့ဘက်က အလေးအနက်ထားပြီး ဆောင်ရွက်သွားမှာပါ။ ပေါက်ကြားမှုတွေကို ဆက်လက်ဖော်ထုတ်ပြီး အရေးယူမှုတွေလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဇူကာဘတ်၏ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သော အစည်းအဝေးများအပေါ် အခြေခံထားသော သတင်းများ မကြာသေးမီက ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးသည့်နောက်တွင် အလုပ်ထုတ်ပယ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
The Verge က ပထမဆုံး သတင်းတွင် အစည်းအဝေးတစ်ခု၌ ဇူကာဘတ်က ဝန်ထမ်းများကို ၎င်းထံမှနေ၍ သတင်းအချက်အလက်များ ထွက်ပေါ်လာတော့မည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ဘက်က အမှန်တကယ် ပွင့်လင်းမြင်သာစွာ ကြိုးစားခဲ့သော်လည်း ၎င်းပြောသမျှ အကြောင်းအရာအားလုံးသည် ပေါက်ကြားသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် ဆိုးရွားလွန်းလှကြောင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။
ဇူကာဘတ်သည် လာမည့်နှစ်အတွက် အသင့်ပြင်ထားကြရန် ဝန်ထမ်းများကို သတိပေးသွားခဲ့ပြီး Meta သည် အိမ်ဖြူတော်နှင့် အကျိုးဖြစ်ထွန်းသော မိတ်ဖက်ဖြစ်လာမည်ဟုလည်း ဇူကာဘတ်က ပြောကြားသွားခဲ့သည်။
နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးသည့်နောက်တွင် နည်းပညာခေါင်းဆောင်များသည် ထရမ့်၏ဝန်းကျင်ဆီသို့ ကျယ်ကျယ်ပြန့်ပြန့် တန်းစီရောက်ရှိလာခဲ့ကြသည်။ ဇူကာဘတ်သည်လည်း ဒေါ်နယ်ထရမ့်က ရာထူးပြန်တက်လာခဲ့ပြီးသည့်နောက်တွင် ရီပတ်ဘလီကန်ပါတီဘက်သို့ မျက်နှာလှည့်သွားခဲ့သည်။