မြောက်ကိုရီးယားထံမှ လက်နက်အများအပြား ရုရှားဝယ်ယူရန် စီစဉ်နေကြောင်း အမေရိကန်ပြော

ရုရှားသည် ယူကရိန်းကျူးကျော်စစ်အတွက် အင်အားဖြည့်တင်းရန် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီရှိနိုင်သည့် ကျည်များ၊ ဒုံးကျည်များ ဝယ်ယူလျက်ရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 07 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၇

ရုရှားသည် ယူကရိန်းကျူးကျော်စစ်အတွက် အင်အားဖြည့်တင်းရန် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီရှိနိုင်သည့် ကျည်များ၊ ဒုံးကျည်များ ဝယ်ယူလျက်ရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ခန့်မှန်းရသလောက်ကတော့ ပြောရရင် သန်းနဲ့ချီတဲ့ ကျည်၊ ဒုံးကျည်နဲ့ လက်နက်ကြီးကျည်တွေ ပါဝင်နိုင်ပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း အဆိုပါလက်နက်ဝယ်ယူမှုသည် အပြီးသတ်အဆင့်သို့ မရောက်သေးကြောင်း ဂျွန်ကာဘီက အမေရိကန်ထောက်လှမ်းရေး၏ လျှို့ဝှက်အချက်အလက်များကို ကိုးကားပြီး ပြောကြားသည်။

“ဝယ်လိုက်ပြီဆိုတာကို အတည်ပြုနိုင်တဲ့ အချက်အလက် တစ်စုံတစ်ရာတော့ ကျွန်တော်တို့ မရသေးပါဘူး။ ဒါကြောင့် ဘယ်အခြေအနေ ဖြစ်သွားပြီလဲဆိုတာ တိတိပပ ပြောနိုင်ဖို့ ခက်ခဲပါတယ်” ဟု သူက ပြောသည်။

အဆိုပါလက်နက်များကို ယူကရိန်းတွင် အသုံးပြုနေပြီဆိုသည့် အထောက်အထားများလည်း မတွေ့ရသေးကြောင်း ဂျွန်ကာဘီကပြောသည်။

ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်များအပြင် အီရန်ထံမှလည်း ဒရုန်းများဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်ဟု သူကပြောသည်။

ဤလုပ်ရပ်များက ရုရှားသည် အနောက်နိုင်ငံများ၏ စီးဒဏ်ခတ်ပိတ်ဆို့မှုများကို လပေါင်းများစွာ ရင်ဆိုင်နေရသည့်အတွက် ၎င်း၏လက်နက်အင်အားအတွက် အကျပ်အတည်းဖြစ်နေရသည်ဟုလည်း ဂျွန်ကာဘီကပြောသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ပံ့ပိုးပေးနေသည်။ ယူကရိန်းသည် အဆိုပါဒုံးကျည်များကို အသုံးပြုကာ ရုရှားနောက်တန်းရှိ ဒါဇင်နှင့်ချီသည့် လက်နက်ထောက်ပံ့ရေးနေရာများကို ဖျက်ဆီးခဲ့သည်။  အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူထားသည့်အတွက် ရုရှားသည် ကွန်ပျူတာချစ်ပ်များအပါအဝင် အစားထိုးပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အခက်တွေ့နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ