တစ်နှစ်အတွင်း ယူကရိန်းကလေးငယ် ၆ ထောင်ထက်မနည်း ရုရှားခေါ်ယူသွား

လေးငယ်များအား ရုရှားကို ထောက်ခံလိုလားသည့် စိတ်ဓာတ်နှင့် စစ်ဘက်ဆိုင်ရာ ပညာရပ်များကို သင်ကြားပေးနေသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။

By Admin 15 Feb 2023

ယူကရိန်းနိုင်ငံ လာဗစ်မြို့တွင် နှင်းတောထဲ၌ ကစားနေကြသည့် ကလေးငယ်များ။ ဓာတ်ပုံ - AFP
ယူကရိန်းနိုင်ငံ လာဗစ်မြို့တွင် နှင်းတောထဲ၌ ကစားနေကြသည့် ကလေးငယ်များ။ ဓာတ်ပုံ - AFP

ရုရှားသည် ယူကရိန်းမှ ခေါ်ယူလာသည့် ကလေးငယ် အနည်းဆုံး ၆ ထောင်ခန့်ကို စခန်းများတွင် ထိန်းသိမ်းထားပြီး ပညာပေးပြုပြင်ရေးများ ဆောင်ရွက်နေသဖြင့် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း Yale Humanitarian Research Lab (YHRL) အဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်၌ ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်ခဲ့သည့် ပြီးခဲ့သည့် တစ်နှစ်ခန့်အတွင်း အသက် လေးလအထိ ငယ်ရွယ်သူများ အပါအဝင် ကလေးငယ်များကို မော်စကိုသိမ်းပိုက်ထားသည့် ကရိုင်းမီးယားနှင့် ဆိုက်ဘေးရီးယားတို့ရှိ စခန်း အပါအဝင် ရုရှားပြည်တစ်ဝန်းရှိ စခန်း ၄၃ ခုတွင် ထိန်းသိမ်းထားသည်ဟု YHRL ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကလေးငယ်များအား ရုရှားကို ထောက်ခံလိုလားသည့် စိတ်ဓာတ်နှင့် စစ်ဘက်ဆိုင်ရာ ပညာရပ်များကို သင်ကြားပေးနေသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။

ဘက်မလိုက်သည့် ကြားနေအဖွဲ့အစည်း တစ်ခုခုကို စခန်းများသို့ ဝင်ရောက်လေ့လာခွင့်ပေးရန်နှင့် ယူကရိန်းကလေးများကို မွေးစားနေခြင်းအား ချက်ချင်း ရပ်တန့်ပေးရန်လည်း အစီရင်ခံစာက တောင်းဆိုထားသည်။

မကြာသေးမီကလည်း ယူကရိန်းအစိုးရက ရုရှားသည် ယူကရိန်းကလေးငယ် ၁၄၇၀၀ ကျော်ကို ရုရှားသို့ ခေါ်ယူသွားပြီး ၎င်းတို့အနက် အချို့မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်းများ ရှိသည်ဟု ပြောကြားထားသည်။

YHRL ၏ ယခုအစီရင်ခံစာအတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရံပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ဂြိုဟ်တုပုံရိပ်များနှင့် လူကိုယ်တိုင် အတွေ့အကြုံများကို ကိုးကားပြီး ပြုစုထားသည့် YHRL အစီရင်ခံစာ၌ တကယ်တမ်း ထိန်းသိမ်းခံထားရသည့် အရေအတွက်သည် ယခုဖော်ပြထားသည့် ပမာဏထက် သိသိသာသာ ပိုများနိုင်ခြေရှိနေသည်ဟုလည်း ဖော်ပြထားသည်။

ရုရှားကမူ ၎င်းတို့၏ လုပ်ရပ်အား မိဘမဲ့ကလေးများကို ကယ်တင်ခြင်း သို့မဟုတ် ဆေးဝါးကုသပေးရန် ခေါ်ယူသွားခြင်းဟု အကြောင်းပြသည်။ အချို့သော ယူကရိန်းမိဘများသည် ၎င်းတို့၏ ကလေးငယ်မျာကို ပေးရန် ဖိအားပေးခံခဲ့ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

ရုရှားအာဏာပိုင်များသည် ကျောင်းသုံးပြဋ္ဌာန်းစာများ၊ အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ရေးဆိုင်ရာ တိုက်ရိုက် အတွေ့အကြုံများ၊ စစ်ပြန်များနှင့် စကားဝိုင်းများ ဖန်တီးကာ မော်စကိုကို ထောက်ခံသည့် အမြင်များအား ကလေးငယ်များထံတွင် သွတ်သွင်းရန် ကြိုးပမ်းလျက်ရှိသည်ဟု YHRL ၏ အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ