- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
လူထောင်ချီ သေဆုံးခဲ့သည့် ရေကြီးမှုကြောင့် မြောက်ကိုရီးယား အရာရှိ ၂၀ ကျော် ကွပ်မျက်ခံရဟု သတင်းထွက်
အရာရှိများသည် သေနတ်ဖြင့် ပစ်ခတ်ပြီး ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ရုပ်သံ ချိုဆန်း (Chosun) က ဖော်ပြသည်။ အမည်မဖော်လိုသည့် တောင်ကိုရီးယား အစိုးရအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြခြင်း ဖြစ်သည်။
05 Sep 2024
မြောက်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လ နှောင်းပိုင်းက ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သလို အဆိုပါဒေသများရှိ တာဝန်ရှိသူ အရာရှိ အရေအတွက် ၂၀ နှင့် ၃၀ ကြားသည်လည်း ကွပ်မျက်ခံခဲ့ရကြောင်း တောင်ကိုရီးယား သတင်းဌာနတစ်ခုက ဖော်ပြလိုက်သည်။
အဆိုပါအရာရှိများသည် သေနတ်ဖြင့် ပစ်ခတ်ပြီး ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ရုပ်သံ ချိုဆန်း (Chosun) က ဖော်ပြသည်။ အမည်မဖော်လိုသည့် တောင်ကိုရီးယား အစိုးရအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြခြင်း ဖြစ်သည်။
နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ခဲ့ရသည့် ချာဂန်းပြည်နယ်၌ ရေလွှမ်းမိုးမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရဖွယ် ရှိသည်ဟု ချိုဆန်းက ဖော်ပြသည်။
လက်ရှိအဖြစ်အပျက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိပြီးနောက်တွင် တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနသည် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ဇူလိုင်လက ကျင်းပသည့် လုပ်သားပါတီ အစည်းအဝေး၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တာဝန်လစ်ဟင်းမှုကြောင့် သေကြေပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သူများကို ထိထိရောက်ရောက် အပြစ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် နေအိမ် ၄၁၀၀ ခန့်နှင့် စိုက်ပျိုးမြေ ၃၀၀၀ ဟက်တာခန့် ပျက်စီးသွားကာ ပြည်သူ ၅၀၀၀ ခန့်ကို ကယ်ဆယ်ခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနက ထိုစဉ်က ကြေညာခဲ့သည်။ ရေကြီးသည့်နေရာများကို ကင်ဂျုံအန်းကိုယ်တိုင် သွားရောက်သည့် ဓာတ်ပုံများကိုပါ ထိုကာလက မြင်တွေ့ခဲ့ရသော်လည်း သေကြေပျက်စီးမှု သတင်းများကိုမူ မကြားခဲ့ရပေ။