ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြီးဆုံးခါနီးပြီဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ဘေးကြီးကို အမြစ်ဖြတ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဟု အစိုးရပိုင်ရုပ်မြင်သံကြားက ဇူလိုင်လ ၁၈ ရက်နေ့တွင် ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

19 Jul 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၁၉

မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ဘေးကြီးကို အမြစ်ဖြတ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဟု အစိုးရပိုင်ရုပ်မြင်သံကြားက ဇူလိုင်လ ၁၈ ရက်နေ့တွင် ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိုမီခရွန်မျိုးကွဲကြောင့် အာရှနိုင်ငံများတွင် တစ်ကျော့ပြန် ခေါင်းထောင်လာသည့် ကိုဗစ်ကူးစက်မှုများ ကြုံတွေ့နေရချိန်၌ မြောက်ကိုရီးယားက ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဧပြီလမှစတင်၍ ပြည်တွင်း ကိုဗစ်လူနာ ၄.၇၇ သန်းရှိခဲ့ရာတွင် ၉၉.၈ ရာခိုင်နှုန်းသည် ရာနှုန်းပြည့် ကျန်းမာရေးပြန်လည်ကောင်းမွန်သွားပြီဟု မြောက်ကိုရီးယားက ဆိုသည်။ သို့သော်လည်း လတ်တလောတွင် ကိုဗစ်စစ်ဆေးမှု အားလျော့နေခြင်းကြောင့် မြောက်ကိုရီးယားတွင် လူနာသစ် မည်မျှရှိသည်ကို အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

“ကိုဗစ်တိုက်ဖျက်ရေး စီမံကိန်းသည် တိုးတက်မှုရှိနေပြီး ကပ်ဘေးကြီးကို အပြီးတိုင် အမြစ်ဖြတ်နိုင်တော့မည်ဟု KCNA သတင်းဌာနက ကြေညာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်အပေါ် သံသယရှိနေပြီး အခြေအနေသည် ပြီးခဲ့သောလတွင် ပိုမိုဆိုးဝါးခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောကြားသည်။

မြောက်ကိုရီးယားသည် နဂိုတင်းကြပ်ထားသော စည်းကမ်းများအား ကိုဗစ်ကပ်ဘေးကို အသုံးချကာ ပိုမိုတင်းကြပ်လျက်ရှိသည်ဟု လေ့လာသူများက ပြောကြသည်။

မိမိတို့နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုသည် တောင်ကိုရီးယားနယ်စပ်အနီးတွင် ပြင်ပမှဝင်ရောက်လာသည့် အရာဝတ္ထုများမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပြောကြားထားသလို ပြည်သူများအနေဖြင့်လည်း ပြင်မှမှဝင်လာသော မည်သည့်အရာကိုမဆို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

ဗီဒီယိုများ