အကြိုငြိမ်းချမ်းရေး ဆွေးနွေးချက်များကို ယူကရိန်း မလိုက်နာဟု ပူတင်ပြော

ယူကရိန်းသည် မတ်လတွင် သဘောတူခဲ့သည့် အကြိုငြိမ်းချမ်းရေးညှိနှိုင်း သဘောတူညီချက်များအား လုပ်ဆောင်လိုသည့်ဆန္ဒမရှိဟု ရုရှားအနေဖြင့် နားလည်ထားကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။

22 Jul 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၂၂

ယူကရိန်းသည် မတ်လတွင် သဘောတူခဲ့သည့် အကြိုငြိမ်းချမ်းရေးညှိနှိုင်း သဘောတူညီချက်များအား လုပ်ဆောင်လိုသည့်ဆန္ဒမရှိဟု ရုရှားအနေဖြင့် နားလည်ထားကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။

ရှရှားတပ်ဖွဲ့များ ပြီးခဲ့သည့်ဖေဖော်ဝါရီလ နှောင်းပိုင်းက ကျူးကျော်ခဲ့သည့် စစ်ပွဲတွင် ရှရှားနှင့် ယူကရိန်း အကြား ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ရန် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့က ကမ်းလှမ်းခဲ့ကြောင်း အီရန်သို့သွား ရောက်ခဲ့သည့်ခရီးစဉ်တစ်ခုအပြီးတွင် ရုပ်မြင်သံကြားမှ တစ်ဆင့် သတင်းထောက်များ၏ မေးမြန်းချက်ကို သမ္မတပူတင်က ပြောကြားခဲ့သည်။

ပူတင်၏ ဗုဒ္ဓဟူးနေ့အစောပိုင်းက မှတ်ချက်ကို ယူကရိန်းအစိုးရက ချက်ချင်းတုန့်ပြန်ထားခြင်း မရှိပေ။

ယူကရိန်းအစိုးရသည် ငြိမ်းချမ်းရေးအကြို သဘောတူညီချက်တစ်ရပ်ပါ အချက်များကို လိုက်နာခြင်း မရှိကြောင်းနှင့် ယူကရိန်းသည် “အဆိုပါအချက်များကို လက်တွေ့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း” ကို အသေးစိတ်ရှင်းပြခြင်းမရှိဘဲ မတ်လအတွင်းက ပြောကြားခဲ့သည်ဟု ပူတင်က ဆိုသည်။ သမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် တွေ့ဆုံရန်အစီအစဉ်ရှိနိုင်သလား ဆိုသည့် မေးခွန်းမေးမြန်းစဉ်တွင် ပူတင်က ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုအကျပ်အတည်း၏ နောက်ဆုံးအဖြေသည် သဘောတူညီချက် လက်မှတ်ရေးထိုးချုပ်ဆိုထားသည့် နိုင်ငံများ၏ ယင်းတို့ သဘောတူညီထားသည့်အချက်များကို လိုက်နာအကောင်အထည်ဖော်လိုသည့် ဆန္ဒရှိ-မရှိအပေါ် တွင် မူတည်နေကြောင်းနှင့် ယူကရိန်းထိပ်ပိုင်း ခေါင်းဆောင်များတွင် အဆိုပါစိတ်ဆန္ဒမျိုး မရှိသည်ကို မိမိတို့သိရကြောင်း ပူတင်က ပြောကြားလိုက်သည်။

မတ်လအတွင်းက ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြပြီး အကျပ်အတည်းကို ဖြေရှင်းရမည့် အဖြေမပါဝင်သည့် အဆိုပြုချက်များကို နှစ်ဖက်လုံးက တင်ပြခဲ့ကြသည်။ ဆွေးနွေးပွဲများမှ ရရှိမည့် ခိုင်မာသည့်အဖြေတစ်ခုကိုသာ ယုံကြည်နိုင်မည်ဖြစ်ကြောင်း  ယူကရိန်းသမ္မတ ဇီလင်စကီးက ထိုစဉ်က ပြောကြားခဲ့ပြီးဖြစ်သည်။

ပူတင်သည် အီရန်ထိပ်ပိုင်းအကြီးအကဲဖြစ်သည့် အယာတိုလာ အလီ ခါမေနီနှင့် တီဟီရန်တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများခံနေရသည့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့သည်။

အီရန်နိုင်ငံသို့သွားရောက်သည့် ခရီးစဉ်အတွင်း ပူတင်သည် တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ ရှရှား ပိတ်ဆို့ထားသည့် ယူကရိန်းဂျုံအား ပင်လယ်နက်မှ တင်ပို့မှုကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှုတစ်ရပ်ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဗီဒီယိုများ