- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မီးတောင်ပေါက်ကွဲနိုင်ခြေ ရှိနေ၍ ဖိလစ်ပိုင်တွင် လူရာနှင့်ချီ နေရာပြောင်းရွှေ့
နီဂရိုးကျွန်း၏ ပင်လယ်ရေမျက်နှာပြင်အထက် ၂ ဒသမ ၄ ကီလိုမီတာကျော်တွင်ရှိသော ကန်းလာအွန်မီးတောင်သည် ဖိလစ်ပိုင်နိုင်ငံရှိ သက်ရှိမီးတောင် ၂၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး လွန်ခဲ့သည့် ၉ နှစ်တာကာလအတွင်း ပေါက်ကွဲမှု ၁၅ ကြိမ်အထိ ဖြစ်ခဲ့ဖူးသည်။
11 Sep 2024
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မီးတောင်တစ်လုံး ပေါက်ကွဲနိုင်ခြေရှိနေသည့်အတွက် လူရာနှင့်ချီကာ ဘေးလွတ်ရာဆီသို့ စွန့်ခွာထွက်ပြေးနေကြရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံအလယ်ပိုင်းရှိ ကန်းလာအွန်မီးတောင်သည် အန္တရာယ်ရှိသော ဓာတ်ငွေ့များထွက်နေသည့်အတွက် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရာနှင့်ချီသော လူများကို ကန်းလာအွန်းမြို့၏ ဒေသဆိုင်ရာအစိုးရက ဘေးလွတ်ကင်းရာနေရာများဆီသို့ ပြောင်းရွှေ့ပေးလိုက်ခြင်း ဖြစ်သည်။
ကန်းလာအွန်မီးတောင်ဝနှင့် ၄ ကီလိုမီတာပတ်ချာလည်တွင်ရှိသော ကျေးရွာများမှ လူပေါင်း ၃၀၀ ခန့်ကို ကြိုတင်ကာကွယ်မှုအဖြစ် အင်္ဂါနေ့ကတည်းက ဘေးလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးနေခြင်းဖြစ်သည်ဟု ကန်းလာအွန်စီးတီး၏ ဒေသဆိုင်ရာအစိုးရက အသိပေးထားသည်။
နိုင်ငံအလယ်ဗဟိုချက်ကျသော နီဂရိုးကျွန်း၏ ပင်လယ်ရေမျက်နှာပြင်အထက် ၂ ဒသမ ၄ ကီလိုမီတာကျော်တွင်ရှိသော ကန်းလာအွန်မီးတောင်သည် ဖိလစ်ပိုင်နိုင်ငံရှိ သက်ရှိမီးတောင် ၂၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး လွန်ခဲ့သည့် ၉ နှစ်တာကာလအတွင်း ပေါက်ကွဲမှု ၁၅ ကြိမ်အထိ ဖြစ်ခဲ့ဖူးသည်။
လွန်ခဲ့သည့် ဇွန်လအတွင်း၌ ပြည်နယ်မီးတောင်အေဂျင်စီက ကန်းလာအွန်မီးတောင်အတွက် သတိပေးချက်ကို သုညမှ ငါးအထိရှိသော စကေးသတ်မှတ်ချက်၌ အဆင့် ၁ မှ ၂ သို့ တိုးမြှင့်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားနိုင်ခြေ ပိုများနေကြောင်း သတိပေးချက် ထုတ်ထားခဲ့ပြီးဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်ရှိ မီးတောင်အားလုံး၏ ထက်ဝက်ခန့် တည်ရှိသော ပစိဖိတ်ဒေသ၏ အန္တရာယ်ဇုန် Ring of Fire ထဲတွင် ရှိသည်။
မီးတောင်ပေါက်ကွဲမှုဖြစ်နိုင်ခြေ မြင့်မားနေသည့် သတိပေးချက်များ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် မြို့ရှိ စာသင်ကျောင်းများနှင့် မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်ရာနေရာအချို့ကို ယနေ့ကစတင်ကာ ပိတ်ထားလိုက်ပြီလည်းဖြစ်သည်။ ကန်းလာအွန်စီးတီးသည် လူပေါင်း ၆၀,၀၀၀ နေထိုင်သောမြို့ဖြစ်ပြီး ကန်းလာအွန်းမီးတောင်၏ဆာလဖာဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် လွန်ခဲ့သောအင်္ဂါနေ့၌ သုံးဆနီးပါး တိုးမြင့်လာခဲ့ကာ တန်ချိန် ၉,၉၈၅ တန်အထိ ဖြစ်လာခဲ့သည်။
“အခု မီးတောင်ရဲ့လှုပ်ရှားနေမှုက မတည်ငြိမ်တဲ့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်ခြေရှိနေပါတယ်”ဟု ယင်းထုတ်ပြန်ချက်တွင် ထပ်လောင်းပါရှိပြီး မီးတောင်ပတ်ဝန်းကျင်ရှိ ကျေးရွာ ၄ ရွာတွင် နေထိုင်သူများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။