အနောက်ဘက်ကမ်းခြေကို အစ္စရေးတို့ ဝင်စီးမှုအတွင်း ပါလက်စတိုင်း ၁၁ ဦးသေဆုံးပြီး ၈၀ ကျော် သေနတ်ထိမှန်

ပါလက်စတိုင်း ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဟူစိန်အယ်လ်ရှိတ်က ယခုဖြစ်ရပ်အား “အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု ခေါ်ဆို ရှုတ်ချလိုက်သလို ၎င်းတို့လူမျိုးအပေါ် နိုင်ငံတကာက အကာအကွယ်ပေးရန် လိုအပ်နေသည်ဟုလည်း တောင်းဆိုသည်။

By Admin 23 Feb 2023

အနောက်ဘက်ကမ်းခြေ၌ အစ္စရေးစစ်တပ်သုံး ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင် ရပ်နေသည့် ပါလက်စတိုင်းတစ်ဦး။ ဓာတ်ပုံ - AFP
အနောက်ဘက်ကမ်းခြေ၌ အစ္စရေးစစ်တပ်သုံး ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင် ရပ်နေသည့် ပါလက်စတိုင်းတစ်ဦး။ ဓာတ်ပုံ - AFP

ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းခြေရှိ နာဘလက်အရပ်ကို ဗုဒ္ဓဟူးနေ့က အစ္စရေးတို့ ဝင်ရောက်စီးနင်းမှုအတွင်း ဆယ်ကျော်သက်လူငယ်တစ်ဦး အပါအဝင် ပါလက်စတိုင်းလူမျိုး ၁၁ ဦးသေဆုံးပြီး လူ ၈၀ ထက်မနည်း သေနတ်ကျည် ထိမှန်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေး” စစ်ဆင်ရေးဟု အစ္စရေးတို့ ခေါင်းစဉ်တပ်ထားသည့် အဆိုပါစီးနင်းမှုသည် အနောက်ဘက်ကမ်းခြေတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံး ဖြစ်ရပ်လည်း ဖြစ်သည်။

ပါလက်စတိုင်း ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဟူစိန်အယ်လ်ရှိတ်က ယခုဖြစ်ရပ်အား “အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု ခေါ်ဆို ရှုတ်ချလိုက်သလို ၎င်းတို့လူမျိုးအပေါ် နိုင်ငံတကာက အကာအကွယ်ပေးရန် လိုအပ်နေသည်ဟုလည်း တောင်းဆိုသည်။

အစ္စရေးစစ်တပ်ကမူ မိမိတို့သည် လက်နက်ကိုင်များဟု သံသယရှိသူများ ပုန်းအောင်းနေသည့် နေရာကို ပစ်မှတ်ထားကာ စီးနင်းခဲ့ခြင်းဟု တုံ့ပြန်ပြောဆိုသည်။ မိမိတို့ အလိုရှိနေသူများအနက် တစ်ဦးသည် အဆိုပါအဆောက်အအုံမှ ထွက်ပြေးသဖြင့် ၎င်းအပါအဝင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ နောက်နှစ်ဦးကို အန္တရာယ်မပေးနိုင်အောင် ရှင်းလင်းခဲ့သည်ဟု အစ္စရေးက ပြောသည်။

မိမိတို့တပ်ဖွဲ့ဝင်များသည်လည်း ကျောက်ခဲများ၊ ပေါက်ကွဲစေသည့်အရာများ၊ ပုလင်းဗုံးများဖြင့် ပစ်ပေါက်ခံခဲ့ရသည်ဟုလည်း အစ္စရေးစစ်တပ်က ပြောသည်။

သေဆုံးခဲ့ရသည့် ပါလက်စတိုင်းများသည် အသက် ၁၆ နှစ်နှင့် ၇၂ ဦးအကြားများ ဖြစ်ကာ ၆၆ နှစ်အရွယ် သက်ကြီးတစ်ဦးသည်လည်း မျက်ရည်ယိုဗုံးကြောင့် အသက်ရှူကြပ်ပြီး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျည်ဆံထိမှန်၍ ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရသူ ၈၂ ဦးရှိသည်ဟုလည်း ပါလက်စတိုင်း ကျန်းမာရေးအရာရှိများက ပြောကြားသည်။

အစ္စရေးတို့၏ စီးနင်းမှုအတွင်း မိမိတို့၏ ကွပ်ကဲရေးမှူးများအနက် တစ်ဦးသေဆုံးခဲ့ကြောင်း အစ္စလာမစ်ဂျီဟက်အဖွဲ့က ထုတ်ပြန်ထားသည်။ ဂါဇာအခြေစိုက် အဖွဲ့ခေါင်းဆောင် ဇီယက်အယ်လ်နာခါလာက အဆိုပါစီးနင်းမှုကို “ရာဇဝတ်မှုကြီး” ဟု ရည်ညွှန်းပြောဆိုကာ တုံ့ပြန်ရမည်ဟုလည်း ပြောသည်။

နာဘလက်အခြေစိုက် အစ္စရေးလက်နက်ကိုင် အဖွဲ့ The Lion’s Den ကလည်း သေဆုံးသူများအနက် ခြောက်ဦးမှာ ပါလက်စတိုင်း အဖွဲ့ခွဲများမှ အဖွဲ့ဝင်များဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဗီဒီယိုများ