ပါကစ္စတန်စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူကျောင်းသား ၄၉ ဦးအထိရှိ

အဆိုပါ ၄၉ ဦးလုံးသည် ဘာသာရေးစာသင်ကျောင်းမှ ကျောင်းသားများ ဖြစ်ပြီး အသက် ၇ နှစ်နှင့် ၁၄ နှစ်ကြားအရွယ် ယောက်ျားလေးများဖြစ်သည်။

By Admin 01 Feb 2023

ပါကစ္စတန်စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူကျောင်းသား ၄၉ ဦးအထိရှိ

ဓာတ်ပုံ - AFP 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ တနင်္ဂနွေနေ့က စက်လှေတစ်စီး နစ်မြုပ်ခဲ့မှုတွင် သေဆုံးသူကလေးငယ် ၄၉ ဦးအထိရှိကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ၄၉ ဦးလုံးသည် ဘာသာရေးစာသင်ကျောင်းမှ ကျောင်းသားများ ဖြစ်ပြီး အသက် ၇ နှစ်နှင့် ၁၄ နှစ်ကြားအရွယ် ယောက်ျားလေးများဖြစ်သည်။ တနင်္ဂနွေနေ့က တန်ဒါဒမ်း ရေကန်သို့ စက်လှေဖြင့် လေ့လာရေးခရီး ထွက်လာကြစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ရှာဖွေရေးလုပ်ငန်းများကို သုံးရက်ဆက်တိုက် ဆောင်ရွက်ခဲ့ရာတွင် ကလေးငယ်အလောင်းများအပြင် စက်လှေမောင်းသူတစ်ဦးနှင့် ဆရာတစ်ဦး၏ ရုပ်အလောင်းများပါ တွေ့ရှိထားသဖြင့် စုစုပေါင်း သေဆုံးသူ ၅၁ ဦးအထိ ရှိသည်။

“ဆောင်းရာသီမို့ ဆည်ထဲကရေက အေးစက်နေတော့ ရှာဖွေရေးလုပ်လို့ မလွယ်ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကျန်နေသေးတဲ့ ရုပ်ကြွင်းတွေကို ဆယ်ယူဖို့အတွက် ရေနက်တဲ့နေရာအထိ ဆင်းနိုင်ခဲ့ပါတယ်” ဟု Rescue 1122 ကယ်ဆယ်ရေးအဖွဲ့ အကြီးတန်းအရာရှိ ကာတီယာအာမက်က ပြောကြားသည်။

“အလောင်းတစ်လောင်း ဆယ်လို့ရလာတိုင်း မိသားစုဝင်တွေက သူတို့ရဲ့ ကလေးများလားဆိုပြီး စုပြုံကြည့်ကြတယ်။ အခေါက်တိုင်းလည်း အမြဲတမ်း ဝမ်းပန်းတနည်း ငိုကြတာ ကြားရတယ်” ဟု အဆိုပါနေရာအနီးတွင် ရှိနေသူတစ်ဦးက AFP ကို ဖြေကြားသည်။

စက်လှေသည် ခရီးသည် အလွန်အကျွံ တင်ဆောင်လာခြင်း ဖြစ်ကာ ပုံမှန်အားဖြင့် လူ ၂၀ မှ ၂၅ ဦးခန့်ထိသာ ဝန်အားရှိသည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရ ဖာဇားနာအီးန်က အေအက်ဖ်ပီသို့ ဖြေကြားသည်။

ယခုနစ်မြုပ်မှုမှ ကျောင်းသားလေးဦးနှင့် ဆရာတစ်ဦးအပါအဝင် စုစုပေါင်း ငါးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု သူကပြောကြားသည်။

ပါကစ္စတန်တွင် ယခုစက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် တစ်ရက်တည်း၌ နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၌လည်း ခရီးသည်တင် ဘတ်စ်ကားတစ်စီး မြောက်ထဲသို့ ပြုတ်ကျမီးလောင်သဖြင့် လူပေါင်းအနည်းဆုံး ၄၁ ဦး သေဆုံးခဲ့သည်။

ဗီဒီယိုများ