တရုတ်က ထိုင်ဝမ်အား သဲ၊ သစ်သီးဝလံ တင်ပို့ခွင့်များ ပိတ်ပင်ပြီး စီးပွားရေးကန့်သတ်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ကုန်သွယ်မှုအချို့ကို ရပ်ဆိုင်းလိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Aug 2022

သရုပ်ဖော်ပုံ - Reuters

DMG ၊ ဩဂုတ် ၇

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ကုန်သွယ်မှုအချို့ကို ရပ်ဆိုင်းလိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယမန်နှစ်ကတည်းက ထိုင်ဝမ်ထုတ်ကုန်များတွင် ပိုးသတ်ဆေးအကြွင်းအကျန် အများအပြားကို “အကြိမ်များစွာ” စစ်ဆေးတွေ့ရှိခဲ့ရသကဲ့သို့  ဇွန်လတွင်လည်း အေးခဲထားသောငါးထုပ်အချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရသောကြောင့် ငါးနှင့် သစ်သီးဝလံ တင်သွင်းမှုအချို့ကို ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေစီမံခန့်ခွဲအုပ်ချုပ်ရေးမှူးရုံးက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ သဘာဝသဲတင်ပို့မှုကို တားမြစ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တွင် ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံသည် နိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးသည့်အနေဖြင့် ထိုင်ဝမ်၏ စိုက်ပျိုးရေးလုပ်ငန်းကို မကြာခဏ ပစ်မှတ်ထားလေ့ရှိသည်။ ထိုင်ဝမ်နိုင်ငံတောင်ပိုင်း၏ သစ်သီးဝလံထုတ်လုပ်သော ဒေသအများအပြားသည် ထိုင်ဝမ်နိုင်ငံ တရားဝင်လွတ်လပ်ရေးအတွက် ထောက်ခံလှုပ်ရှားသည့် သမ္မတစိုင်အင်ဝမ်၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကို နိုင်ငံရေးအရ ထောက်ခံအားပေးသည့် အမာခံဒေသများဖြစ်သည်။

တရုတ်နိုင်ငံက တနင်္လာနေ့တွင် ထိုင်ဝမ်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့သူပေါင်း ၁ဝဝ ကျော်ထံမှ အစားအစာ တင်သွင်းမှုကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ထိုင်ဝမ်မီဒီယာတစ်ခု၏ကြေညာချက် ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၃၂၈ ဒသမ ၃ ဘီလီယံအထိ ရှိခဲ့သည်။

ထိုင်ဝမ်မှပို့ကုန်သည် သွင်းကုန်ထက် ဒေါ်လာ ၁၇၂ ဘီလီယံ ကျော်လွန်နေခြင်းက ထိုင်ဝမ်သည် တရုတ်နှင့် ယှဉ်လျှင် အတော်အတန်ကြီးမားသော ပိုငွေကို ပိုင်ဆိုင်ထားသည်ကို တရုတ်အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

တရုတ်သည် ပို့ကုန်လုပ်ငန်းရှင်များကို ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ထိုအားသာချက်ကို မြှင့်တင်နိုင်သော်လည်း အခြားတစ်ဘက်တွင် တရုတ်သည် ထိုင်ဝမ်မှ တင်သွင်းသည့် ဆီမီးကွန်ဒက်တာများကို မှီခိုနေရသည်။

ဗီဒီယိုများ