တင့်ကားများတောင်းပြီးနောက် တိုက်လေယာဉ်များပါ အကူအညီပေးရန် အနောက်နိုင်ငံများကို ယူကရိန်း ဖိအားပေး

ရုရှားတိုက်ခိုက်မှုကို တွန်းလှန်ရန် ယူကရိန်းက F-16 တိုက်လေယာဉ်များ အကူအညီတောင်းနေပြီဖြစ်ကာ ယခုတောင်းဆိုချက်အပေါ် အမေရိကန်က ငြင်းဆိုလိုက်သော်လည်း ဥရောပနိုင်ငံ အချို့ကမူ လက်ခံစဉ်းစားပေးမည်သဘော ရှိနေသည်။

By Admin 03 Feb 2023

တင့်ကားများတောင်းပြီးနောက် တိုက်လေယာဉ်များပါ အကူအညီပေးရန် အနောက်နိုင်ငံများကို ယူကရိန်း ဖိအားပေး

Leopard တင့်ကားများ။ ဓာတ်ပုံ - AP

ယူကရိန်းက အကူအညီတောင်းထားသည့် တင့်ကားများ ထောက်ပံ့ပေးရန်အတွက် သဘောတူပြီးစသာ ရှိသေးချိန်၌ အနောက်နိုင်ငံများသည် တိုက်လေယာဉ်များပါ ကူညီပေးရန် ဖိအားပေးခံနေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားတိုက်ခိုက်မှုကို တွန်းလှန်ရန် ယူကရိန်းက F-16 တိုက်လေယာဉ်များ အကူအညီတောင်းနေပြီဖြစ်ကာ ယခုတောင်းဆိုချက်အပေါ် အမေရိကန်က ငြင်းဆိုလိုက်သော်လည်း ဥရောပနိုင်ငံ အချို့ကမူ လက်ခံစဉ်းစားပေးမည်သဘော ရှိနေသည်။

သမ္မတဂျိုးဘိုင်ဒန်က ကီယက်ဗ်ကို အမေရိကန်တိုက်လေယာဉ်များ “မပေးနိုင်” ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ရှင်းရှင်းလင်းလင်း ပြောကြားသည်။ သို့သော်လည်း နောက်တစ်ရက်တွင်မူ သူက အဆိုပါတောင်းဆိုချက်နှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။

ရုရှားနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်သည့် ဥရောပနိုင်ငံများသည် စစ်ပွဲအစောပိုင်းကာလများတွင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ ပေးအပ်ရန် တွန့်ဆုတ်နေခဲ့ကြသည်။ 

သို့သော်လည်း စစ်ပွဲကာလ တာရှည်လာသည်နှင့်အမျှ တစ်စတစ်စ တိုးမြင့်ပေးလာခဲ့ကြပြီး နောက်ပိုင်းတွင် အမေရိကန်က အင်အားကြီး ပက်ထရီယော့ ဒုံးလက်နက် ကာကွယ်ရေးစနစ်၊ ဂျာမနီက နာမည်ကြီး Lepoard တင့်ကားများ ပေးအပ်ခဲ့သည်။ 

ဒီဇင်ဘာလတွင် အမေရိကန်က ကမ္ဘာ့အကောင်းဆုံးဟု သတ်မှတ်ကြသည့် အမေရိကန် တိုက်ပွဲဝင်တင့်ကား Abrams ကိုပါ ပေးအပ်ရန် သဘောတူညီခဲ့သည်။

“အကူအညီ တောင်းဆိုမှုတိုင်းအတွက် ကျွန်တော်တို့ဟာ ပထမဆုံးတော့ ‘မပေးဘူး’ ဆိုတာနဲ့ ရင်ဆိုင်ရတာချည်းပါပဲ။ …ကျွန်တော်ပြောမယ်။ ဂျာမန် Leopard တင့်ကားတွေ တောင်းတုန်းကလည်း ‘မပေးဘူး’ လို့ ငြင်းတာခံခဲ့ရတယ်။ ခုတော့ တစ်တပ်စာတင့်ကားတွေ ရထားပါပြီ” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့က အင်္ဂါနေ့က ပြင်သစ်သို့ လာရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။

Leopard တင့်ကားပေးရေးအတွက် အထူးအလေးထား စဉ်းစားခဲ့ရသည့် ဂျာမနီက ယူကရိန်းအတွက် တိုက်လေယာဉ်ပေးရေးကို လတ်တလော ငြင်းဆိုထားသည်။ ပိုလန်က F-16 တိုက်လေယာဉ်များ ပေးအပ်ရေးအတွက် တရားဝင်ဆွေးနွေးမှုများ မရှိကြောင်း အင်္ဂါနေ့က ပြောကြားသည်။ ပြင်သစ်ကမူ အဆိုပါအစီအစဉ်ကို ငြင်းဆိုထားခြင်း မရှိသေးသလို ယူကရိန်းကလည်း ထိုသို့ တောင်းခံမှု မရှိသေးဟု ပြောကြားသည်။

ဗီဒီယိုများ