ထိုင်ဝမ်သို့ ကန်ဒေါ်လာ ၁.၁ ဘီလျံဖိုး လက်နက်များရောင်းချရန် အမေရိကန်သဘောတူ

ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံတန်ဖိုးရှိသည့် လက်နက်တစ်သုတ် ရောင်းချသွားမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

By Foreign Desk 04 Sep 2022

ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၄

ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံတန်ဖိုးရှိသည့် လက်နက်တစ်သုတ် ရောင်းချသွားမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ အလည်အပတ် လာရောက်ခဲ့သည့်အပေါ် တရုတ်တို့က အင်အားပြသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်လအကြာတွင် ယခုကဲ့သို့ အမေရိကန်ဘက်က လက်နက်များ ရောင်းချခဲ့ခြင်း ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် ထိုင်ဝမ်အတွက် အကြီးဆုံးလက်နက်ရောင်းချမှုဖြစ်သည့် ယခုအသုတ်တွင် ရေသီယွန် ရေဒါအချက်ပြစနစ်ကို အဆင့်မြှင့်ရန်နှင့် ထိန်းသိမ်းရေး အကူအညီများ ပေးအပ်ရန် သဘောတူညီချက်အတွက် ကန်ဒေါ်လာ ၆၆၅ သန်းအသုံးပြုထားသည်။

ရေသီယွန်ရေဒါစနစ်သည် ထိုင်ဝမ်သို့ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို သတိပေးသည့်စနစ်ဖြစ်ကာ ၂၀၁၃ ခုနှစ်တည်းက အသုံးပြုနေခြင်းဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်ဘက်က ရေပြင်မှ ဝင်ရောက်တိုက်ခိုက်လာပါက ဝင်လာသည့်စစ်သင်္ဘောများကို ခြေရာခံပစ်ခတ်ကာ နစ်မြုပ်စေနိုင်သည့် ဟာပွန်းဘလော့-၂ ဒုံးကျည်အစင်း ၆၀ ဝယ်ယူရန်အတွက်လည်း အမေရိကန်ဒေါ်လာ ၃၅၅ သန်း အသုံးပြုမည်ဖြစ်သည်။
အနောက်နိုင်ငံစစ်အင်အားများ၏ အဓိကကျသော လေကြောင်းပစ်ဒုံးကျည်အစင်း ၁၀၀ ကျော်လည်း ယခုဝယ်ယူမှု၌ ပါဝင်သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းပိုင်နက်မှ ဖယ်ထုတ်၍မရသော နယ်မြေအဖြစ် ခေါ်ဆိုသုံးနှုန်းသလို အမေရိကန်အနေဖြင့်လည်း ထိုင်ဝမ်အား လက်နက်များ ရောင်းချနေမှုကို ချက်ချင်းရုတ်သိမ်းရန် တောင်းဆိုထားသည်။

“ဤလုပ်ရပ်သည် ထိုင်ဝမ်လွတ်လပ်ရေး လိုလားသည့် ခွဲထွက်ရေးအင်အားစုများကို မှားယွင်းသော အချက်ပြမှုများ ဖြစ်စေပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးအကျယ် ထိခိုက်စေသည်” ဟု ဝါရှင်တန်ရှိ တရုတ်သံရုံးမှ သံအမတ်ကြီး လူပင်ယုက ပြောကြားထားသည်။

ဗီဒီယိုများ