ယူကရိန်းစစ်ရာဇဝတ်မှုများကို စစ်ဆေးရေးအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

ယူကရိန်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိစေရန် နိုင်ငံတကာက “လက်လှမ်းမီစေရေး မဟာဗျူဟာ” တစ်ရပ် ချမှတ်ဆောင်ရွက်ကြရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ရှေ့နေချုပ်က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

15 Jul 2022

ကီယက်ဗ်မြို့စွန် ဘူချာဒေသတွင် လူအစုလိုက်အပြုံလိုက် မြှုပ်နှံခံထားရသည်များအား ပြန်လည်တူးဖော်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြသည်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဇူလိုင် ၁၅

ယူကရိန်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိစေရန် နိုင်ငံတကာက “လက်လှမ်းမီစေရေး မဟာဗျူဟာ” တစ်ရပ် ချမှတ်ဆောင်ရွက်ကြရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ရှေ့နေချုပ်က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

“ပကတိအမှန်တရားကတော့ ကျွန်တော်တို့ ပြောနေကြချိန်မှာပဲ အမျိုးသမီး၊ အမျိုးသား၊ လူရွယ်၊ လူအိုတွေဟာ အကြောက်တရားနဲ့ ရှင်သန်နေရတယ် ဆိုတာပါပဲ” ဟု အိုင်စီစီရှေ့နေချုပ် ကယ်ရင်ခန်က ပြောကြားသည်။

သည်ဟိတ်တွင် ကျင်းပသည့် ယူကရိန်းအရေး တာဝန်ခံမှုရှိစေရေးကွန်ဖရင့် ဖွင့်ပွဲ၌ သူက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယူကရိန်းဖြစ်စဉ်များအား လေ့လာနေသည့် အေပီနှင့် Frontline သတင်းဌာနတို့၏ စုံစမ်းမှုများအရ စစ်ရာဇဝတ်မှု မြောက်နိုင်ခြေရှိသည့် ဖြစ်ရပ်စုစုပေါင်း ၃၃၈ ခုအထိ တွေ့ရှိထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ရေးအတွက် နိုင်ငံများအချင်းချင်း လက်လှမ်းမီသည့် မဟာဗျူဟာတစ်ရပ်နှင့် ပူးပေါင်းကာ ဆက်စပ်ဆောင်ရွက်မှုတစ်ရပ် လိုအပ်နေပြီဟု ခန်က ကြာသပတေးနေ့ အစည်းအဝေးတွင် ပြောကြားသည်။

ရုရှားသမ္မတပူတင်က ၎င်း၏စစ်တပ်အား ယူကရိန်းကိုကျူးကျော်ရန် ညွှန်ကြားခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ ရုရှားစစ်တပ်သည် ယူကရိန်းတွင် စစ်ရာဇဝတ်မှုများ အမြောက်အများ ကျူးလွန်လျက်ရှိကြောင်း စွပ်စွဲခံထားရသည်။ အဆိုပါ ရာဇဝတ်မှုများတွင် ကီယက်ဗ်ဆင်ခြေဖုံး ဘူချာဒေသတွင် အရပ်သားများအား သတ်ဖြတ်မှုများမှသည် မာရီယူပိုးရှိ ကဇာတ်ရုံတစ်ခုကို မတ်လ ၁၆ ရက်နေ့က ဗုံးကြဲခဲ့ခြင်းမျိုးအထိ ပါဝင်သည်။

မာရီယူပိုးသတ်ဖြတ်မှုတွင် သေဆုံးခဲ့ရသူ ၆၀၀ အထိရှိမည်ဟု အေပီသတင်း၏ အသေးစိတ် စုံစမ်းဖော်ပြချက်တစ်ခုအရ သိရသည်။

ဗီဒီယိုများ