အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာမည့်သီတင်းပတ် အာဆီယံအစည်းအဝေး တက်မည်

ကမ္ဘောဒီးယား၌ လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံဝန်ကြီးများ အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

31 Jul 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇူလိုင် ၃၁

ကမ္ဘောဒီးယား၌ လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံဝန်ကြီးများ အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဘလင်ကင်သည် အစည်းအဝေး၌ ကိုဗစ်-၁၉ ကပ်ဘေးအရေး၊ ဥတုရာသီပြောင်းလဲမှု အခြေအနေ၊ မြန်မာအရေးနှင့် ယူကရိန်းစစ်ပွဲ အခြေအနေတို့ကို တင်ပြသွားမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအစည်းအဝေးကို ကမ္ဘာဒီးယားနိုင်ငံ၌ လာမည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ကျင်းပမည်ဖြစ်သည်။

ဘလင်ကင်သည် အဆိုပါအစည်းအဝေးမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ဆက်လက်သွားရောက်မည် ဖြစ်ကာ မနီလာတွင် သမ္မတသစ် ဖာဒီနန်မားကို့စ်(အငယ်)၊ နိုင်ငံခြားရေးဝန်ကြီး အင်နရစ်မာနာလိုတို့နှင့် တွေ့ဆုံပြီး အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဆက်ဆံရေး အားကောင်းခိုင်မာရေးအတွက် ဆွေးနွေးသွားမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် လတ်တလောတွင် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မရှိပေ။ မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုထားသည်။

ဗီဒီယိုများ