မွတ်ဆလင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP လျှော့ချမည်

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် တစ်သန်းခန့်အား ပုံမှန်အားဖြင့် လစဉ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ သုံးစွဲခွင့်ပြေစာ ထုတ်ပေးနေရာမှ နောက်လမှစတင်မည့် လျှော့ချရေးအစီအစဉ်အရ ၁၀ ဒေါ်လာတန် ပြေစာသာ ထုတ်ပေးတော့မည်ဖြစ်သည်။

By Admin 19 Feb 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Dhaka Tribume
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Dhaka Tribume

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအား စာနပ်ရိက္ခာထောက်ပံ့မှုကို ရန်ပုံငွေလိုအပ်ချက်ကြောင့် လျှော့ချရန်စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် တစ်သန်းခန့်အား ပုံမှန်အားဖြင့် လစဉ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ သုံးစွဲခွင့်ပြေစာ ထုတ်ပေးနေရာမှ နောက်လမှစတင်မည့် လျှော့ချရေးအစီအစဉ်အရ ၁၀ ဒေါ်လာတန် ပြေစာသာ ထုတ်ပေးတော့မည်ဖြစ်သည်။ ဒုက္ခသည်များသည် အဆိုပါပြေစာဖြင့် WFP ထံမှ ပစ္စည်းအမျိုးအစား ၄၀ ကျော်အနက် ကြိုက်နှစ်သက်ရာကို ဝယ်ယူခွင့်ရခြင်းဖြစ်သည်။

“ဒါကတော့ ဒုက္ခသည်တွေအတွက် အရှိုက်ကိုအထိုးခံလိုက်ရတာ ဖြစ်သလို လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်နေတဲ့ အသိုင်းအဝိုင်းအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ” ဟု WFP ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ခံ ဒိုမိနစ်ကို စကာပယ်လီက ပြောကြားသည်။

WFP သည် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ ရန်ပုံငွေလိုအပ်ချက် ရှိနေသည်။ အလှူရှင်များထံမှ ထောက်ပံ့မှုများသည် ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေး၊ စီးပွားရေးကျဆင်းမှု၊ ကမ္ဘာ့ပဋိပက္ခများကြောင့် လျော့နည်းကျဆင်းသွားရခြင်းဖြစ်သည်။

မွတ်ဆလင်ဒုက္ခသည်များသည် အလုပ်အကိုင် ရှာဖွေရာတွင်လည်း အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ရှိသည့်အတွက် ၎င်းတို့၏ စားနပ်ရိက္ခာလိုအပ်ချက်အတွက် ကုလသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများ၏ အကူအညီများဖြင့်သာ အများအားဖြင့် ရပ်တည်နေကြရခြင်း ဖြစ်သည်။

“တခြား အရေးပါတဲ့ ထောက်ပံ့မှုတွေကလည်း လျှော့နည်းလာနေပြီဆိုတော့ နှစ်ဒေါ်လာတည်း လျှော့ချလိုက်တာ ဆိုပေမဲ့လည်း ထိမှာပါပဲ”ဟု စကာပယ်လီက ပြောသည်။

WFP သည် မွတ်ဆလင်များ မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အလှူရှင်များ၊ မိတ်ဘက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ၎င်းတို့ကို ထောက်ပံ့လာခြင်းဖြစ်သည်။

ရန်ပုံငွေပြတ်လပ်မှုကြောင့် စိတ်ပျက်ဖွယ်ရာ အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂအထူး ကိုယ်စားလှယ်နှစ်ဦးဖြစ်သူ မိုက်ကယ် ဖာခရီနှင့် သောမက်စ်အင်ဒရူးတို့က ပြောကြားထားသည်။ မွတ်ဆလင်တို့၏ အလေးအမြတ်ထားရာ ရာမာဒန်ကာလ နီးကပ်နေချိန်၌ ယခုကဲ့သို့ ထောက်ပံ့မှုလျှော့ချလိုက်ခြင်းက လွန်ကဲသည့်လုပ်ရပ်ဟုလည်း ကုလလူ့အခွင့်အရေး အေဂျင်စီ၏ ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

ဗီဒီယိုများ