- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
စင်ပေါ်၌ ပါးရိုက်ခဲ့သည့် ဝီလ်စမစ်အား အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ၁၀ နှစ် ပိတ်
အကယ်ဒမီဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူ ခရစ္စရော့ခ်ကို စင်ပေါ်၌ ပါးရိုက်ခဲ့သည့် သရုပ်ဆောင်ဝီလ်စမစ်အား အော်စကာဆုပေးပွဲများ တက်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Apr 2022

DMG ၊ ဧပြီ ၁၀
အကယ်ဒမီဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူ ခရစ္စရော့ခ်ကို စင်ပေါ်၌ ပါးရိုက်ခဲ့သည့် သရုပ်ဆောင်ဝီလ်စမစ်အား အော်စကာဆုပေးပွဲများ တက်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုပ်ရှင်အနုပညာနှင့်သိပ္ပံ အကယ်ဒမီက ဝီလ်စမစ်အား ၎င်းတို့ကျင်းပသည့် အခြား အခမ်းအနားများသို့လည်း တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
သို့သော်လည်း ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်၌ ဝီလ်စမစ်အား အော်စကာဆုအတွက် အမည်တင်သွင်းခြင်း သို့မဟုတ် ဆုပေးအပ်ခြင်းများနှင့် အကျုံးဝင်ခြင်း ရှိမရှိကိုမူ ဖော်ပြမထားပေ။
“၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက် နေ့မှစတင်၍ မစ္စတာဝီလ်စမစ်ကို မည်သည့် အကယ်ဒမီဆုပေးပွဲ သို့မဟုတ် အခမ်းအနားများသို့မဆို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခွင့်အား ဘုတ်အဖွဲ့ကဆယ်နှစ်တာ ပိတ်ပင်လိုက်ပြီး ဤပိတ်ပင်ချက်တွင် အကယ်ဒမီဆုများ အပါအဝင် အခြားဖော်ပြမထားသည့် သတ်မှတ်ချက်များပါဝင်သည်” ဟု ဥက္ကဌ ဒေးဗစ်ရူဘင်နှင့် စီအီးအို ဒွန်ဟက်ဆန်တို့ ထုတ်ပြန်သည့်စာ၌ ဖော်ပြထားသည်။
ဟောလိဝုဒ်ဆက်သွယ်ရေးစာစောင်သို့ ဖြေကြားချက်၌ ဝီလ်စမစ်က “အကယ်ဒမီအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံပြီး လေးစားလိုက်နာပါသည်” ဟု ဖော်ပြထားသည်။
“၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲသည် ပြီးခဲ့သောနှစ်အတွင်း ထူးချွန်စွာ စွမ်းဆောင်ခဲ့သည့် မိမိတို့အသိုင်းအဝိုင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းတိုင်းအတွင်း ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
သို့သော်လည်း ဤအခိုက်အတန့်သည် စင်ပေါ်၌ မစ္စတာစမစ် ပြုမူခဲ့သည့် လက်မခံနိုင်သည့် ရန်များစေသောလုပ်ရပ်ကြောင့် မှေးမှိန်ခဲ့ရသည်ကို တွေ့ရပါသည်” ဟု ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ခရစ္စရော့ခ်သည် ဝီလ်စမစ်၏ ဇနီး ရောဂါကြောင့် ဆံပင်မရှိသလာက်ဖြစ်နေသည်ကို အကယ်ဒမီစင်မြင့်ပေါ်၌ ဟာသလုပ်ပြောဆိုခဲ့ပြီးနောက်တွင် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့ခြင်းဖြစ်သည်။