အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို ဘန်ကီမွန်းတိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ မစ္စတာဘန်ကီမွန်းက မြန်မာစစ်ကောင်စီအား နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး အပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အဖြေတစ်ရပ် ရှာဖွေရန် တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 25 Apr 2023

မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS

The Elders အဖွဲ့ကြီး၏ ဒုတိယဥက္ကဌဖြစ်သော ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ဧပြီလ ၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ၂၄ ရက်နေ့၌ နေပြည်တော်တွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြား စစ်အုပ်စုအကြီးအကဲများနှင့်ပါ တွေ့ဆုံခဲ့သည်။

“မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် တိုက်တွန်းနိုင်ရန် မိမိသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်” ဟု ဧပြီလ ၂၅ ရက် အင်္ဂါနေ့ထုတ်ပြန်ချက်၌ ဘန်ကီမွန်းက ပြောကြားထားသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ချမှတ်ထားသည့် မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန်၊ မြန်မာစစ်တပ်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအကြား အကြမ်းဖက်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုလည်း လိုက်နာရန် ဘန်ကီမွန်းက ထုတ်ပြန်ချက်တွင် အလေးထားပြောကြားသည်။

စစ်တပ်က ကတိပြုထားသည့် ရွေးကောက်ပွဲကိုလည်း လွတ်လပ်၍မျှတသည့် အခြေအနေရောက်မှသာ ကျင်းပသင့်သည်ဟု ဘန်ကီမွန်းက သတိပေးထားသည်။

MRTV ရုပ်သံလိုင်းမှ တနင်္လာနေ့ညဉ့်က ထုတ်လွှင့်ခဲ့သည့် သတင်း၌မူ မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မြန်မာ့အရေးအတွက် “ရင်းနှီးပွင့်လင်းစွာ အပြုသဘောဆောင်” ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ တွေ့ဆုံမှု၌ ဆွေးနွေးကြသည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ