မြန်မာနိုင်ငံမှ သွေးဆာနေသော သေမင်းတမန်များ

ပုံမှန်မဟုတ်သောလုပ်ရပ်များဖြင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းအပါအဝင် ပစ်မှတ်ထား သတ်ဖြတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကိုပံ့ပိုးပေးခြင်းနှင့် ဒေသခံအရပ်သားများ၏ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးကို လိုက်လျောညီထွေဖြစ်စေရန် အကြမ်းဖက်မှုများကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးသမားများအား နှိမ်နင်းရေးကဏ္ဍကို ဆောင်ရွက်လျက်ရှိသည်။

By ကြည်ဖြူစံ 20 Jun 2022

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၂၀

(ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများက ကျေးလက်နှင့်မြို့ပြများဆီ တောမီးများကဲ့သို့ ပျံ့နှံ့လျက်ရှိသည်။ အပူပိုင်းခြောက်သွေ့ဇုံဟု ခေါ်တွင်သောနေရာ အနှံ့အပြားတွင် မြန်မာစစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများနှင့်အတူ မြန်မာနိုင်ငံအရှေ့တောင်ဘက် ဒေသများတွင်လည်း အရပ်သားများ လေကြောင်းတိုက်ခိုက်ခံရမှုများအပြင် လက်နက်ကြီးများဖြင့် စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက်ရှိသည်။

အကြမ်းဖက်မှုနောက်ဆက်တွဲအဖြစ် “သွေးသောက်အဖွဲ့”ဟုအမည်ပေးထားသော အကြမ်းဖက်အဖွဲ့အစည်းတစ်ဖွဲ့ ပေါ်ပေါက်လာပြန်သည်။ ဖြုတ်ချခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအား ပစ်မှတ်ထား တိုက်ခိုက်ရန်ရည်ရွယ်ပြီး “Operation Red” ဟုအမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်ဖြင့် NLD ပါတီဝင်များကို တိုက်ခိုက်သွားမည်ဟု တယ်လီဂရမ်တွင် ကြေညာပြီးနောက်ပိုင်း NLD ပါတီဝင်များအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ “သွေးသောက်”အဖွဲ့အနေဖြင့် မန္တလေးမြို့လယ်ခေါင်တစ်ဝှိုက်တွင် လှုပ်ရှားလျက်ရှိသည်။

မေလအတွင်းကလည်း NLD ထောက်ခံသူ ဦးခင်မောင်သိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခခကို သတ်ဖြတ်ပြီး လမ်း ဘေးတွင်စွန့်ပစ်ထားသည်ကို တွေ့ရသည်။ ၎င်းတို့ဇနီးမောင်နှံလည်ပင်းမှာတော့  သွေးသောက်အဖွဲ့အမှတ်အသားပါလည်ဆွဲကို ချိတ်ဆွဲထားသည်။

သေပြီထင်ပြီးစွန့်ပစ်ခဲ့သော ထိုဇနီးမောင်နှံနှစ်ဦးတွင် ဦးခင်မောင်သိန်းဇနီးကတော့ အသက်ရှင်ကျန်ရစ်ခဲ့သော် လည်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရကြောင်း သိရသည်။ ဦးခင်မောင်သိန်းကတော့ ကွယ်လွန်ခဲ့သည်။

အလားတူအဖွဲ့များသည် မန္တလေးအပြင် ရန်ကုန်နှင့် တောင်ကြီးတစ်ဝှိုက်တွင်လည်း လှုပ်ရှားလျက်ရှိသည်။ တစ်ဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များက စစ်ကောင်စီအရာရှိများ၊ စစ်တပ်လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင်များနှင့် သံသယရှိဖွယ် သတင်းပေးများကို လုပ်ကြံသတ်ဖြတ်မှုများ တိုးလာနေသည်။ ထို့ကြောင့်လည်း ပြန်ပြီးကလဲ့စားချေလိုသော သဘောဖြင့် “သွေးသောက်အဖွဲ့”ကို ဖွဲ့စည်းပြီး NLD ပါတီဝင်များနှင့် ထောက်ခံသူများကို တန်ပြန်နှိမ်နင်းရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ဘက်ပေါင်းစုံပဋိပက္ခတွင် ကြောက်မက်ဖွယ်ကောင်းသော ရှေ့မျက်နှာသစ်ကို မြင်တွေ့နေရသည်။

ပုံမှန်မဟုတ်သောလုပ်ရပ်များဖြင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းအပါအဝင် ပစ်မှတ်ထား သတ်ဖြတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကိုပံ့ပိုးပေးခြင်းနှင့် ဒေသခံအရပ်သားများ၏ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးကို လိုက်လျောညီထွေဖြစ်စေရန် အကြမ်းဖက်မှုများကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးသမားများအား နှိမ်နင်းရေးကဏ္ဍကို ဆောင်ရွက်လျက်ရှိသည်။

“သွေးသောက်အဖွဲ့”ကဲ့သို့အဖွဲ့များဖွဲ့စည်းခြင်းက မြန်မာနိုင်ငံအတွက်တော့ အထူးအဆန်းကိစ္စ မဟုတ်တော့ပါ။ ယခုကဲ့သို့ပုံစံများက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အားလုံးနီးပါးတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ပြီးသား ဖြစ်သည်။
မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏လုံခြုံရေးယန္တရားကို အင်အားဖြည့်တင်းရန်အတွက် အရံတပ်ဖွဲ့များ၊ ကင်းအဖွဲ့များ ၊ ပြည်သူ့စစ်များ ဖွဲ့စည်းပြီးတပ်ဖြန့်ထားခြင်းကို ယခုမှပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းမဟုတ်ပါ။ ရှမ်းပြည်နယ်ကဲ့သို့သော ကာလရှည်ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် တော်လှန်သူများကို တိုက်ခိုက်ရန် ၁၉၆၀ ခုနှစ်များ ကတည်းက ပြည်သူ့စစ်စနစ်ဟုခေါ်တွင်သော စနစ်ကို အသုံးပြုခဲ့သည်။

ဒေသခံအဆက်အသွယ်၊ ဘာသာစကား၊ နယ်မြေအနေအထားနှင့် ထောက်ပံ့ရေးဆိုင်ရာ လမ်းကြောင်းများတွင် ဒေသတွင်းသောင်းကျန်းသူ နှိမ်နင်းရေးအကူအညီပေးခြင်း စနစ်များက သောင်းကျန်းသူနှိမ်နင်းရေး (COIN) အယူဝါဒတွင် မရှိမဖြစ်လိုအပ်သည်။

“ပျူစောထီး”လို စစ်တပ်လိုလားသောအုပ်စုများက PDF များကိုပစ်မှတ်ထားရန်နှင့် ဒေသတွင်းခုခံရေးအင်အားစုများ ၊ လက်နက်နှင့် ငွေကြေးထောက်ပံ့သူများ၊ ပံ့ပိုးရေးအဆောက်အဦများ ဖော်ထုတ်ရာတွင် အဓိကအရေးပါသူများ ဖြစ်သည်။ စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးရှိ အရပ်သားများအပေါ် မတော်မတရားပြစ်မှုများ တိုက်ရိုက်ကျူးလွန်နေခြင်းက ၎င်းအချက်ကို ပိုမိုခိုင်မာစေသည်က အထင်အရှားဖြစ်သည်။ ဤအချက်က မြန်မာနိုင်ငံတွင် ၁၉၅၀ ခုနှစ်ကတည်းကမမြင်တွေ့ခဲ့ရသော ကချင် သို့မဟုတ် ကရင် ကဲ့သို့သောတိုင်းရင်းသားများကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဗမာဗုဒ္ဓဘာသာ အချင်းချင်းကြားစစ်ပွဲက ပြည်တွင်းစစ်ပုံစံတွင်းသို့ ထိုးကျသွားကြောင်း ဖော်ပြနေသည်။

စစ်တပ်လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင် အနည်းဆုံး ၁၉၉၀ ခုနှစ်လောက် ကတည်းက NLD ခေါင်းဆောင်များကို တိုက်ခိုက်သူအဖွဲ့ဝင်များ ရှိနေခဲ့ပြီးဖြစ်သည်။ ၎င်းအဖွဲ့ဝင်တို့က ၂၀၀၃ ခုနှစ် ဒီပဲယင်းလူသတ်ပွဲမှာလည်း ပါဝင်ခဲ့သည်။

“သွေးသောက်အဖွဲ့”သည် ရှေးကတည်းက ရှိခဲ့ပြီးသားဖြစ်ကြောင်း အချို့က ယုံကြည်ထားကြသည်။ NLD ပါတီ၏ ထင်ရှားသူတစ်ယောက်ဖြစ်သော ရှေ့နေဦးကိုနီ ၂၀၁၇ ခုနှစ်အတွင်း သတ်ဖြတ်ခံရမှုတွင် ၎င်းအဖွဲ့ပါဝင်ပတ်သက် နေသည်ဟု အချို့က ထင်ကြေးပေးနေကြသည်။ ဤအုပ်စု၏ သဘောသဘာဝများကလည်း အတည်ပြုပေးနိုင်သော အချက်အလက်များ ထင်ကြေးပေးနိုင်သော အဆင့်သာရှိသည်။

သွေးသောက်အဖွဲ့သည် ယခင်ဗုဒ္ဓဘာသာအစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့ မဘသ အဖွဲ့ဝင်များ၏ ပံ့ပိုးမှုဖြင့် အာဏာသိမ်းစစ်တပ်နှင့် ကြံ့ဖွံ့ပါတီကိုကူညီရန် ကြိုးပမ်းနေသလား။ လုံခြုံရေးယန္တရား၏ အစိတ်အပိုင်းများကိုပြုစု ပျိုးထောင်ပေးခြင်း၊ ရံပုံငွေထောက်ပံ့ပေးခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းများ ရှိနေသလား သို့မဟုတ် စစ်ကောင်စီ ဆန့်ကျင်သူများကို စစ်တပ်က သတ်ဖြတ်ခြင်းအတွက် အထူးအသေးစိတ် အချက်အလက်များဖြစ်နေသလား။

အတိအကျ မပြောနိုင်သေးသော်လည်း ၎င်းတို့ပစ်မှတ်များတွင် ပြည်တွင်း NLD ပါတီဝင်များ သို့မဟုတ် တော်လှန်ရေးကို ထောက်ခံသူများဖြစ်နေသည်။ မန္တလေးလူသတ်မှုတွင်လည်း ထင်ရှားသူများကို ရွေးချယ်ပြီး ပစ်မှတ်ထားခဲ့သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဧပြီလနှောင်းပိုင်းပြောဆိုချက်တွင် “ပြည်သူ့လုံခြုံရေးစနစ်”က ၂၀၀၀ ပြည့် လွန်နှစ်များအတွင်း မြင်တွေ့ခဲ့ရသော ယခင်စစ်အစိုးရထံ တာဝန်ပြန်လည်ထမ်းဆောင်ခြင်းများ၊  ငွေကြေးနှင့် လက်နက်ထောက်ပံ့မှုများ ပါဝင်သည်။ ၎င်းတွင် ကြံ့ခိုင်ရေး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့၊ အစိုးရ လိုလားသော အဖွဲ့အစည်းများ ပါဝင်နေသည်။ ၎င်းစနစ်ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ရည်ညွှန်းရေးသားထားသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စာတစ်စောင် ပြီးခဲ့သော ဧပြီလဆန်းပိုင်းက မြန်မာနောင်းသို့ ပေါက်ကြားခဲ့သည်။ စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းလည်း ပါဝင်မည်ဖြစ်သည်။

အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာမြင့်လာချိန်မှာတော့ ၎င်းတို့အပေါ် ဆန့်ကျင်နေသူများကို ပိုမိုထိန်းချုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် စစ်ကောင်စီက “မြန်မာနိုင်ငံရဲတပ်ဖွဲ့အက်ဥပဒေ”အသစ်တစ်ရပ်ကို ပြီးခဲ့သောမတ်လ ၂၅ ရက်က အတည်ပြုပြဌာန်းလိုက်သည်။

ထိုသို့ရဲတပ်ဖွဲ့အက်ဥပဒေသစ် ပြဌာန်းခြင်းမှာ စစ်ကောင်စီက၎င်းတို့ အားခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၎င်းတို့အားထောက်ပံ့နေသူများ ၊ လူထုလှုပ်ရှားမှု များတွင်ပါဝင်သူများအား ဖြိုခွဲဖမ်းဆီးနိုင်ရေးကို ရဲတပ်ဖွဲ့ဝင်များ ပိုမိုလုပ်ဆောင်နိုင်ရန် လုပ်ပိုင်ခွင့်များ တိုးပေးလိုက်ခြင်းဖြစ်သလို စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ရဲတပ်ဖွဲ့အပေါ် ဥပဒေအရ ပိုမိုစီမံခြယ်လှယ်နိုင်ရန် လုပ်ဆောင် ခြင်းလည်းဖြစ်သည်။

သို့သော်လည်း တရားဝင်ဥပဒေများနှင့် ဗျူဟာများက စစ်တပ်၏ သောင်းကျန်းသူနှိမ်နင်းရေး တန်ပြန်ကာလများတွင် ကာလရှည်ကြာခဲ့ပြီဖြစ်သော အားနည်းချက်များနှင့် ထောက်လှမ်းရေးစွမ်းရည် ရှားပါလာခြင်းကိုညွှန်ပြနေသည်။ ၎င်းဥပဒေအရ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို တစ်စိတ်တစ်ပိုင်း ဝန်ခံရာရောက်သည်။ နောက်ထပ်ဖော်ပြချက်တစ်ခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များတွင်ငြင်းပယ်ခံရသော ဘာသာရေးအုပ်စုများနှင့် မတူညီသောလူမျိုးစုများကို အပြစ်ပေးခြင်းပုံစံတစ်မျိုး ဖြစ်နေသည်။

အလားတူပုံစံမျိုးကို ဗမာဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသည်ပွတ်ဖြစ်သော ယောတောင်ကြားလို ဒေသများမှာပင် မြင်တွေ့နေရသည်။ ၎င်းက စစ်ကောင်စီက ၎င်းတို့၏ လုံခြုံရေးယန္တရား၏ခုခံအားကို မည်ကဲ့သို့ရှုမြင်ထားကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

အနော်ရထာလမ်း နှင့် ၃၅ လမ်းကြားရှိ ဘတ်စ်ကားမှတ်တိုင်မှာလည်း မကြာသေးခင်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ အများအပြား ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သည်။ ၎င်းပေါက်ကွဲမှုက PDF ကြောင့်လား သို့မဟုတ် PDF တိုက်ခိုက်မှု၏ အချိန်မတိုင်ခင်ပေါက်ကွဲမှုလား သို့မဟုတ် စစ်ကောင်စီ၏ လျှို့ဝှက်လုပ်ကြံမှုတစ်ခုလား။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် - သမိုင်းတစ်လျှောက် စစ်ကောင်စီ၊ ပျူစောထီးနှင့် သွေးသောက်ကဲ့သို့သော အစွန်းရောက်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကိုအပြစ်တင်ခဲ့သည်။ တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်၍လည်း အတိတ်က အဖြစ်အပျက်များနှင့် ပုံစံတူသာဖြစ်သည်”ဟု ဖော်ပြထားသည်။

ဆန့်ကျင်ဘက်ထောက်ခံသူများကို တိုက်ရိုက်ပစ်မှတ်ထားခြင်း သို့မဟုတ် ရန်ငြိုးဖွဲ့ခြင်းပုံစံမျိုး ဖြစ်လာပါက စစ်ပွဲများအတွင်း မြေအောက်လုံခြုံရေးကို အကျပ်ရိုက်စေမည့်အန္တရာယ် ဖြစ်နိုင်ချေရှိသည်။ မကြာသေးမီကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယာဉ်မောင်းဖြစ်သူ မော်လမြိုင်မြို့နေ မျိုးဝင်းထွဋ် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအကြီးတန်း အရာရှိများက ရှုတ်ချခဲ့သည်။ ၎င်းသည် စစ်ကောင်စီမှ ဗိုလ်ချုပ်အောင်လင်းဒွေး၏ ဆွေမျိုးနီးစပ်တော်သူဖြစ်ပြီး ယင်းဒေသရှိ CDM များကို ခြိမ်းခြောက်သူလည်းဖြစ်ကြောင်း တော်လှန်ရေးကွန်ရက်များက ပြောသည်။

တစ်ချိန်တည်းမှာပင် ယမန်နှစ်က ရန်ကုန်တွင် သီးခြားတစ်နေရာစီကနေ ဖမ်းဆီးခံခဲ့ရသော တော်လှန်ရေးခေါင်းဆောင် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကိုလည်း စစ်ကောင်စီက သေဒဏ်ပေးခဲ့သည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေရန် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီကပြောသည်။

ယခုကဲ့သို့ကွပ်မျက်မှုများက ခေတ်နောက်ပြန်ဆွဲသော အာဏာရှင်စနစ်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှု မရှိသေးသော်လည်း စစ်ကောင်စီ၏ကွပ်မျက်မှုများက မတရားသောစနစ်တစ်ခုသာ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများတွက်တော့ တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ခံမှုများ ပိုမိုကောင်းမွန်သည့် စနစ်များ ရှိကြောင်းတွေ့ရသည်။

NUG အနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ကို ကတိကဝတ်ပြုခြင်းအားဖြင့် စစ်ကောင်စီထက် ကိုယ်ကျင့်တရားသာလွန်မှုကို ပြသဖို့လိုအပ်ပေလိမ့်မည်။ ယင်းတွင် PDF တပ်ဖွဲ့များမှ ကျူးလွန်ထားသော ပြစ်မှုများအားလုံးအတွက် တာဝန်ခံမှုဆိုင်ရာ ကတိကဝတ်များလည်း ပါဝင်သည်။

PDF နှင့် EAO များသည် အာဏာသိမ်းစစ်တပ်ကဲ့သို့ သွေးဆာနေသေ ာသေမင်းတမန်အဖွဲ့များ၏ နည်းဗျူဟာများကို အားကိုးအားထားမပြုကြောင်း သေချာဖို့ လိုအပ်သည်။ သို့မှသာ စစ်ကောင်စီနှင့် တော်လှန်ခုခံသူများအကြား ကွဲပြားမှုကို ရှင်းလင်းသိသာပေလိမ့်မည်။ EAO များသည် စစ်ဥပဒေများကို အလွန်အကျွံဖောက်ဖျက်ရန် အာမခံချက် မရှိသော်လည်း အာဏာသိမ်းစစ်တပ်က ကူညီပံ့ပိုးပေးနေပုံရသော “သွေးသောက်အဖွဲ့”ကဲ့သို့ နည်းဗျူဟာများကိုတော့ အသုံးပြုခဲပါသည်။

အကယ်၍ စစ်ကောင်စီအနေဖြင့် ပစ်မှတ်ထားသောလုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန် အစွန်းရောက်များကို ပြုစုပျိုးထောင်နေပါက ပြင်းထန်သော တွန်းအားတစ်ရပ်ကို ကြုံတွေ့ရပေလိမ့်မည်။ လက်ရှိစစ်ကောင်စီ အသုံးပြုနေသော နည်းလမ်းများက ၂၀၂၁အာဏာသိမ်းမှုတွင်သာမက အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေသူများအပေါ် အစွန်းရောက်အကြမ်းဖက်မှုများ အသုံးပြုခဲ့သည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲများတွင်အသုံးပြုရန် ဖရန်ကင်စတိန်းကဲ့သို့ ဘီလူးများကိုဖန်တီးနေပါသည်။ မြန်မာစစ်တပ်သည် အသေခံတပ်တစ်ခုဖြစ်နေပြီး ၎င်းတို့နောက်ဆုံးခူးဆွတ်ရမည့် အညွှန့်အဖူး များကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စိတ်သဘော အတွင်းစိတ်ဝိညာဉ်ကိုသာ ရောင်ပြန်ဟပ်နေပါတော့သည်။

ကြည်ဖြူစံ

Asia Times တွင်ဖော်ပြထားသော “David Scott Mathieson” ၏ “Myanmar raising bloodthirsty death squads” ကိုဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ