မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများ၏အရေးပါမှု (တတိယ-နောက်ဆုံးအပိုင်း)

အခြားထင်ရှားသော EAO များ မြန်မာ့ပြည်တွင်းစစ်အတွင်းသို့ သိသိသာသာ တိုးမြှင့်ဝင်ရောက်လာခဲ့ခြင်း မရှိသေးပါ။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး AA နှင့် မြန်မာစစ်တပ်အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲထားသော်လည်း အရပ်သားများသတ်ဖြတ်နေခြင်းကို မြန်မာစစ်တပ်က ဆက်ပြီးကျူးလွန်နေပါက အပစ်အခတ်ရပ်စဲရေးကို ဖြတ်တောက်မည်ဟု AA ကပြောကြားခဲ့သည်။ UWSA ကတော့ မြန်မာစစ်တပ်နှင့် နှစ်ဘက်အပစ်ရပ်ရေးကို ဆက်ပြီးလိုက်နာဆဲဖြစ်သည်။

By ကြည်ဖြူစံ 16 Apr 2022

ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၁၆

(ဘာသာပြန်ဆောင်းပါး)

လေးနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလေးခုကို သီးခြား ကျင်းပခဲ့သော်လည်း တစ်ကြိမ်စီတိုင်းတွင် ကြီးမားသောပြဿနာများ ကြုံတွေ့ခဲ့ရသည်။ တပ်မတော်သည် EAO အချို့ပါဝင်ခွင့်ကို ပိတ်ပင်ထားသည်။ ပိတ်ပင်ထားသော EAO အဖွဲ့များ တက်ရောက်ခွင့်မရှိပါက မိမိတို့လည်း တက်ရောက်မည်မဟုတ်ကြောင်း အချို့ EAO များ ကဆိုထားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူများကမူ EAO များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး “လက်နက်ဖြုတ်သိမ်းပြီး တပ်ခွဲများ ပြန်လည်ဖွဲ့စည်းခြင်း” (DDR) ကို ချက်ချင်းလုပ်ဆောင်ကြရန်ကိုသာ ထပ်ခါထပ်ခါတောင်းဆိုခဲ့သည်။

EAO များက လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ကိုတောင်းဆိုခဲ့သည်။ ပြည်ထောင်စုအစိုးရ၊ တပ်မတော် နှင့် ၂၀၁၅ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား “ပြည်ထောင်စုသဘောတူညီချက်”တွင် တိုးတက် မှုအချို့ ရှိခဲ့သော်လည်း SSA-S ၏ နိုင်ငံရေးလက်ရုံးဖြစ်သော KNU နှင့် RCSS တို့က ၂၀၁၅ အပစ်ရပ်စာချုပ်ပါ စည်းကမ်းချက်များကို တပ်မတော်မှလိုက်နာရန် ပျက်ကွက်သောကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှ နှုတ်ထွက်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ လေးကြိမ်မြောက်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ရာ ဦးသိန်းစိန်အစိုးရမှ စတင်ခဲ့သော တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် နိဂုံးချုပ်သွားပုံပေါ်လေသည်။

၂၀၂၁ အာဏာသိမ်းမှုတွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များ၏ အခန်းကဏ္ဍ

၂၀၂၀ နှစ်ကုန်ပိုင်းတွင် တပ်မတော်၏စံနမူနာဖြစ်သော မြန်မာ့ဒီမိုကရေစီသည် မဲပုံးနှင့် စစ်မြေပြင်အကြားမှာ ပြင်းထန်စွာ ခြိမ်းခြောက်ခံခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်လေးနေရာ ဆုံးရှုံးခဲ့သည်။ တပ်မတော်သည် ဘက်ပေါင်းစုံတွင် ပြည်တွင်းစစ်နှင့်ရင်ဆိုင်ခဲ့ရပြီး ဆိုးရွားစွာ ကျရှုံးခဲ့ရသည်။ ၂၀၁၅ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် EAO များကို ဆွဲဆောင်နိုင်ဖို့ ငါးနှစ်အတွင်းကြိုးစားမှုများကလည်း များစွာအောင်မြင်ခြင်းမရှိခဲ့ပါ။

အစောပိုင်းကတော့ တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့် EAO များထံမှ ထောက်ခံမှုရရှိရန် တပ်မတော်က ကြိုးပမ်းခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များ မထုတ်ပြန်မီကပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်များကိုဆွေးနွေးရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကော်မတီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ နိုဝင်ဘာ ၁၇ တွင် UWSA နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံခဲ့ပြီး EAO များအား ၂၀၁၅ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးရန် တွန်းအားပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် NLD နှင့် UEC တို့က ရွေးကောက်ပွဲမဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားမရှိဘဲ စွပ်စွဲခဲ့ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများထံမှ တပ်မတော်ကိုထောက်ခံမှု ရရှိရန် ကြိုးပမ်းခဲ့သည်။

တည်ငြိမ်သော အပစ်အခတ်ရပ်စဲရေးရရှိနိုင်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ ၊ EAO များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း မရှိသေးဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် အများစုကို ထိန်းသိမ်းခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး အတွက် တပ်မတော်စီမံချက်ကို ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုံးဖြတ်ခဲ့သည်။

အာဏာသိမ်းမှုတွင် အခြားအရေးကြီးသော အချက်များကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကို အထောက်အကူဖြစ်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့က ၂၀၀၈ ဖွဲ့စည်းပုံပါ ကန့်သတ်ချက်အချို့ကို ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြောင်း ပြသခဲ့ကြသည်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် မပေးထားသည့်ကြားကပင်  ဝန်ကြီးချုပ်နှင့်အာဏာတူသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ခန့်အပ်ခြင်းဖြင့် ပြည်ထောင်စုအစိုးရ၏ အရပ်သားဘက်တွင် အမှန်တကယ်ဆောင်ရွက်ခွင့်ရှိသော ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့က အင်အားကြီးမားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) ကို တပ်မတော်ထိန်းချုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၀ ခုနှစ် မတ်လတွင် အဆိုပြုထားသော ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်သားများက တားဆီးနိုင်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ် အနိုင်ရခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများ နှင့် EAO များ

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာသတင်း ဖော်ပြမှုအများစုက ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ အရပ်သား ဆန္ဒပြပွဲများနှင့် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်မှုတုန့်ပြန်မှုများကို အာရုံစိုက်လျက်ရှိသည်။ သို့သော်လည်း အလားတူဆန္ဒပြမှုများနှင့် အကြမ်းဖက်ဖိနှိပ်မှုများသည် မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ တွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်မှ အချို့သောအရပ်သားများကလည်း ဒေသခံတပ်မတော်နှင့် MPF အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်း၊ စစ်သားများကျဆုံးခြင်း၊ လက်နက်များသိမ်းပိုက်ခြင်း စသော အရပ်သားကာကွယ်ရေးတပ်ဖွဲ့ CDF များဖွဲ့စည်းခဲ့ကြသည်။ ချင်းပြည်နယ်တွင် ယခင် CNF နှင့် ပတ်သက်မှုမရှိသော CDF (Civilian Defense Force) အများအပြားကို ဖွဲ့စည်းခဲ့ကြသည်။

လူထုဆန္ဒပြပွဲများ စည်းရုံးရေးအပြင် ပြည်တွင်း CDF များဖွဲ့စည်းခြင်းနှင့် အချို့သော EAO များက စစ်တပ်နှင့်အခြားသော လုံခြုံရေးစခန်းများကို ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်။ KIO သည် ကချင်ပြည်နယ်ရှိ တပ်မတော်အခြေစိုက် စခန်းများနှင့် ကင်းစခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင်လည်း MNDAA နှင့် TNLA တို့က မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အကျအဆုံးများခဲ့သည်။ တစ်ချိန်တည်းမှာပင် RCSS သည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သလို SSA-N နှင့် TNLA ပူးပေါင်းတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KNU သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဒါဇင်နှင့်ချီသော ထိပ်တိုက် ရင်ဆိုင်မှုများတွင် တပ်မတော်ဘက်က အများအပြား သေဆုံးဒဏ်ရာရခဲ့သည်ဟု ပြောသည်။

အခြားထင်ရှားသော EAO များ မြန်မာ့ပြည်တွင်းစစ်အတွင်းသို့ သိသိသာသာ တိုးမြှင့်ဝင်ရောက်လာခဲ့ခြင်း မရှိသေးပါ။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး AA နှင့် မြန်မာစစ်တပ်အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲထားသော်လည်း အရပ်သားများသတ်ဖြတ်နေခြင်းကို မြန်မာစစ်တပ်က ဆက်ပြီးကျူးလွန်နေပါက အပစ်အခတ်ရပ်စဲရေးကို ဖြတ်တောက်မည်ဟု AA ကပြောကြားခဲ့သည်။ UWSA ကတော့ မြန်မာစစ်တပ်နှင့် နှစ်ဘက်အပစ်ရပ်ရေးကို ဆက်ပြီးလိုက်နာဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း EAO အဖွဲ့များအတွက် နောက်ထပ်အရေးကြီးကဏ္ဍမှာ တပ်မတော်ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာကြသည့် ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူများကို အကာအကွယ် ပေးနေရခြင်းဖြစ်သည်။ CRPH အဖွဲ့ဝင်အများအပြား KNU ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးခဲ့ကြသည်ဟုသိရသည်။ တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများသည် EAO ထိန်းချုပ်နယ်မြေများဖြစ်သည့် ကရင်၊ မွန်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ထို့အပြင် EAO ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့လာသူအချို့သည် EAO များတွင် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် CDF များဖွဲ့စည်းရန် EAO များထံမှ စစ်ရေးလေ့ကျင့်မှုခံယူရန် စေတနာ့ဝန်ထမ်း လုပ်ဆောင်နေကြသည်။ ၎င်းတွင် ၈၈၈၈ အရေးတော်ပုံကဖန်တီးခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့်ဆင်တူသော မြို့ပြတော်လှန်ရေး အင်အားစုအသစ်ကို ဖန်တီးရန်ကြိုးပမ်းနေကြသည့် ဗမာလူမျိုးများလည်း ပါဝင်သည်။

အနာဂတ်မြန်မာနိုင်ငံအတွက် သက်ရောက်မှုများ

ဤအဆင့်တွင် မြန်မာနိုင်ငံ ဖြစ်နိုင်ခြေရှိသော အနာဂတ်သုံးရပ်နှင့် ရင်ဆိုင်ရနိုင်သည်။

(၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SAC ကိုဖယ်ရှားပြီး ဒီမိုကရေစီဖက်ဒရယ်နိုင်ငံအဖြစ် အစားထိုးခြင်း

(၂) မြန်မာနိုင်ငံကို သီးခြားအချုပ်အခြာအာဏာပိုင် နိုင်ငံအများအပြားအဖြစ်သို့ ခွဲထုတ်ခြင်း နှင့်

(၃) စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံတစ်ဝန်းအုပ်စိုးခြင်း ဟူ၍ဖြစ်သည်။

အဆိုပါရလဒ်များထဲမှ မည်သည့်ရလဒ် အမှန်တကယ်ဖြစ်လာမည် ဆိုသည်ကတော့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများ၏ အကျိုးစီးပွားနှင့် ၎င်းတို့ EAO များကို မည်ကဲ့သို့ ထိရောက်စွာ စဉ်းစားမည်နည်း ဆိုသည့်အပေါ် မူတည်နေပါသည်။
အနာဂတ် ၁ - ဒီမိုကရက်တစ်ဖက်ဒရယ်နိုင်ငံ

ပြည်ထောင်စုမြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ပြီးကတည်းက ရည်ရွယ်ခဲ့သည်မှာ ပင်လုံစာချုပ်နှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီတစ်ပိုင်း နိုင်ငံတော်များ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို လိုက်နာရန် ဗမာလူများစုနှင့် တပ်မတော်တို့က ပျက်ကွက်သည်ဟု ထင်မြင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ပြည်တွင်းစစ်ဖြစ်ပွားကာ ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။

မြန်မာပြည်သူလူထုအတွက် စစ်မှန်သောဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပါက အတိုက်အခံလှုပ်ရှားမှုများ၏ အစိတ်အပိုင်းအသီးသီးသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အတွက် မူဘောင်ကို တစ်ချိန်ချိန်တွင် သဘောတူရမည်ဖြစ်သည်။ ထို့အပြင် အတိုက်အခံအင်အားစု အသီးသီးတို့ကြား ရေရှည်တည်တံ့သော ကြားဖြတ်အမျိုးသားအစိုးရတစ်ရပ် ထူထောင်ရန်ကြိုးပမ်းမှုမှန်သမျှသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များ ပါဝင်ပတ်သက်ဖို့ လိုအပ်ရမည်ဖြစ်သည်။

ယနေ့အထိ CRPH လုပ်ဆောင်ချက်များသည် အလားအလာ မရှိသေးပေ။ CRPH မှ ၎င်း၏ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း” (FDC) ကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း တိုင်းရင်းသားလူနည်းစုများနှင့် EAO များအတွက် အဓိကပြဿနာများကို ဖြေရှင်းမပေးနိုင်ခဲ့ပါ။ အလားတူပင် CRPH ၏ “NUG” ဖွဲ့စည်းခြင်းဆိုင်ရာ ကြေညာချက်သည် ဗမာထိန်းချုပ်မှု ဆက်လက်ရှိနေပြီး ရခိုင်မှ မွတ်ဆလင်များအပါအဝင် တိုင်းရင်းသား လူနည်းစုအချို့ ပါဝင်ခြင်းမရှိသည့်အတွက် သံသယနှင့် ဝေဖန်ခံနေရသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ၎င်း၏ SAC နှင့် တပ်မတော်တို့ကိုအနိုင်ယူနိုင်ရန်အတွက် CDM ၊ CDF နှင့် EAO တို့အား ပံ့ပိုးကူးညီမှုပေးရန် ပိုမိုအာရုံစိုက်သင့်သည်။

အနာဂတ် ၂ - သီးခြားအချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ်သို့ ခွဲထွက်ခြင်း

အမျိုးမျိုးသော အတိုက်အခံအင်အားစုများက စည်းလုံးညီညွတ်သော တပ်ဖွဲ့တစ်ရပ်မဖွဲ့စည်းနိုင်ခဲ့ပါက မြန်မာနိုင်ငံသည် ယေဘူယျအားဖြင့် ရှိရင်းစွဲပြည်နယ် ၇ ပြည်နယ်မှ ဖွဲ့စည်းထားသော သီးခြားအချုပ်အခြာအာဏာပိုင်နိုင်ငံ အများအပြားသို့ ကွဲထွက်သွားနိုင်သော အလားအလာရှိသည်။ KIO နှင့် KNU တို့သည် လက်ရှိအောင်မြင်မှုများ ဆက်ပြီးရှိနေလျှင် ၎င်းတို့နယ်မြေအလိုက် ကချင် နှင့် ကရင်ပြည်နယ်တို့ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။ အလားတူ ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇာတိမြေကို ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ပါက ရခိုင်ပြည်နယ်မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသအများအပြားကို သိမ်းပိုက်နိုင်ပြီး သီးခြားရခိုင်လူမျိုးများနိုင်ငံ ထူထောင်နိုင်မည်ဖြစ်သည်။၊ ရှမ်းပြည်နယ်တွင် KIA နှင့် UWSA တို့၏ တတ်နိုင်သလောက် အကူအညီဖြင့် MNDAA ၊ SSA-N နှင့် TNLA တို့သည် ပူးတွဲနိုင်ငံ သို့မဟုတ် သီးခြားနိုင်ငံ ထူထောင်နိုင်မည်ဖြစ်သည်။ သို့ပါမှလည်း UWSA က မြန်မာနိုင်ငံမှခွဲထွက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သီးခြားအချုပ်အခြာအာဏာပိုင် “ဝ”နိုင်ငံကို ထူထောင်စေနိုင် ပါလိမ့်မည်။

ယင်းသို့ဆောင်ရွက်နိုင်ရန်မှာ စစ်မြေပြင်တွင် တပ်မတော်က စစ်ရှုံးမှသာမဟုတ်။ NUG နှင့် ဗမာအများစုက မြန်မာနိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် လုံလောက်သော စည်းကမ်းချက်များ ပေးဆောင်ရန်ဆန္ဒ မရှိပါကလည်း EAO များအနေဖြင့် ဆောင်ရွက်နိုင်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း FDC နှင့် NUG တို့က သီးခြားအချုပ်အခြာ အာဏာပိုင်နိုင်ငံများ ဖွဲ့စည်းနိုင်ရန် ပိုမိုကောင်းမွန်ကြောင်း EAO များ အဆုံးအဖြတ်နိုင်သည့် အသွင်လက္ခဏာများက ရှိနှင့်ပြီးသားဖြစ်သည်။

အနာဂတ် ၃ - စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံတစ်ဝန်းအုပ်စိုးခြင်း

မြန်မာနိုင်ငံအတွက် နောက်ဆုံးဖြစ်နိုင်ချေရှိသော အနာဂတ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SAC တို့က နိုင်ငံတော်အာဏာတည်မြဲရေး ဖြစ်သည်။ အောက်ဖော်ပြပါ ဖြစ်စဉ်ပုံစံတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လှုပ်ရှားမှုများ ဆက်ပြီးရှိနေပါက ပိုပြီးဖြစ်လာနိုင်ချေရှိသည်။ ပထမအချက်မှာ မယုံကြည်မှုနှင့် နိုင်ငံရေးအသွင်ဆောင်မှုက အတိုက်အခံလှုပ်ရှားမှု၏ အစိတ်အပိုင်းအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေသည်။ ဒုတိယအချက်မှာ တပ်မတော်သည် EAO များကြားတွင် သွေးခွဲအောင်နိုင်ခဲ့ဖူးသော ၎င်းတို့ကျင့်စဉ်ကို အောင်မြင်စွာအသုံးချပြီး စစ်မြေပြင်တွင် ၎င်းတို့ဆုံးရှုံးမှုများကို ပြောင်းပြန် လှန်နိုင်မည်ဖြစ်သည်။ တတိယအချက်အနေဖြင့် အာဏာသိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန်မှု နှေးကွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ အကန့်အသတ်ဖြင့်သာ ဆက်လက်တည်ရှိနေသောကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်တို့က ဆန္ဒပြပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် EAO များအပေါ် တပ်မတော်က ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနာဂတ်သည် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAOs များအပါအဝင် မြန်မာပြည်သူပြည်သားများ လက်ဝယ်တွင် ရှိနေပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အတွက်ကတော့ ယေဘုယျအားဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲကို လက်ခံမည်လော သို့မဟုတ် “ပြည်တွင်းရေးကိစ္စ” ဟုယူဆကာ နောက်ဆုံးရလဒ်ကို လက်ခံရန်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကွန်ဂရက်လွှတ်တော် သို့မဟုတ် ဘိုင်ဒန်အစိုးရမှ ရွေးချယ်သည့်လုပ်ဆောင်ချက်သည် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များ အကျိုးစီးပွားနှင့် အရေးပါမှုကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

ကြည်ဖြူစံ

Stimson Center တွင်ဖော်ပြထားသော Michael F. Martin ရေးသားသည့် “The Importance of Ethnic Minorities to Myanmar’s Future” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ