ကျရှုံးနိုင်ငံကအဖြစ်ကနေ မြန်မာကို ရပ်တန့်နိုင်ပါ့မလား

မြန်မာနိုင်ငံသည် ပြိုကျလုနီးပါးဖြစ်နေသည်။ အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် လူဦးရေထက်ဝက် စားနပ်ရိက္ခာဖူလုံခြင်း မရှိတော့သလို ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးကလည်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများလည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသည်။ မြန်မာစစ်တပ်က အရပ်သားများကို လမ်းမကြီးတွေပေါ်မှာပင် ပစ်သတ်နေသလို စစ်တပ်ဆန့်ကျင်သူ အုပ်စုများကလည်း ဗုံးခွဲတိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေကြဆဲဖြစ်သည်။

By ကြည်ဖြူစံ 07 Feb 2022

ဓာတ်ပုံ - AFP

မြန်မာနိုင်ငံသည် ပြိုကျလုနီးပါးဖြစ်နေသည်။ အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် လူဦးရေထက်ဝက် စားနပ်ရိက္ခာဖူလုံခြင်း မရှိတော့သလို ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးကလည်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများလည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသည်။ မြန်မာစစ်တပ်က အရပ်သားများကို လမ်းမကြီးတွေပေါ်မှာပင် ပစ်သတ်နေသလို စစ်တပ်ဆန့်ကျင်သူ အုပ်စုများကလည်း ဗုံးခွဲတိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေကြဆဲဖြစ်သည်။

ဖြတ်သန်းလာခဲ့သော ရက်သတ္တပတ်များတလျှောက် ဆင်းရဲဒုက္ခများ ပိုမိုများပြားလာကာ စစ်တပ်နှင့်အတိုက်အခံများကြား မယုံကြည်မှုနှင့် မကျေနပ်မှုများ ပိုမိုတိုးပွားခဲ့လေသည်။ အခုချိန်မှတော့ ပြည်တွင်းစစ်ကိုလည်း ရှောင်လွှဲ၍မရတော့ပေ။
အင်ဒို-ပစိဖိတ် အလယ်ဗဟိုဒေသ၏ ကျရှုံးနိုင်ငံမြန်မာသည် သူ၏အိမ်နီးချင်းများ (တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်) ၏ လုံခြုံရေးနှင့် အကျိုးစီးပွားများကို ထိခိုက်လာစေလိမ့်မည်။ အာဆီယံ၏ ယုံကြည်ကိုးစားမှုကိုလည်း ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်။

အမေရိကန်ပြည်ထောင်စု အတွက်တော့ မြန်မာ၏ပြိုလဲမှုက ဒေသတွင်း တရုတ်၏အကျိုးစီးပွားများကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်မည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာပုံဖော်ရန် ကြိုးပမ်းချက်ကို ပျက်ပြားသွားစေလိမ့်မည်။

ကုလသမဂ္ဂအတွက်လည်း ယီမင်၊ ဆူဒန်၊ အာဖဂ္ဂန်နစ္စတန်တို့တွင် ကိုဗစ်နှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှု၊ အကျပ်အတည်းများကိုင်တွယ်ရန် ပျက်ကွက်မှုနှင့်အတူ ပြည်တွင်းစစ် ကိုင်တွယ်ဖြေရှင်းမှုကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အကယ်၍များ မြန်မာ့အကျပ်အတည်းက နိုင်ငံအများအပြား၏ လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အရေးကြီးသော အရှေ့တောင်အာရှတည်ငြိမ်ရေး ဗဟိုချက်ဖြစ်ခဲ့ပါက ပဋိပက္ခဖြေရှင်းရာတွင် ဘာကြောင့် တိုးတက်မှုမရှိရပါသနည်း။ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကမ္ဘာကြီးက ဘာကြောင့် ပျက်ကွက်နေရပါသနည်း။

ရပ်တန့်နေသော အာဆီယံလမ်းပြမြေပုံ

ဝေဖန်သူအများစုက အပြစ်တင်ကြသည်။ ပြီးခဲ့သောဧပြီလကပဲ သဘောတူညီချက်ငါးချက်ကို မြန်မာစစ်တပ်နှင့်အာဆီယံ ညှိနှိုင်းခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရေး၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားရေးနှင့် နှစ်ဘက်ကြားဆွေးနွေးပွဲများ စတင်ခြင်းပါဝင်သည်။

သို့သော် သဘောတူညီမှုရယူပြီး ရက်ပိုင်းအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မြန်မာစစ်တပ်က ချိုးဖောက်ခဲ့ပြီး နိုင်ငံရဲ့လုံခြုံရေးကလည်း ဖရိုဖရဲဖြစ်လာကာ ယခုအချိန်ထိတိုင်အောင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲသာရှိသည်။
ထို့နောက်မှာလည်း အထူးသံတမန်ခန့်အပ်ရန်ကိုပင် လေးလနီးပါးကြာသည်အထိ အချိန်ယူခဲ့ရပြန်သည်။ အဆိုပါအထူးသံက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖြုတ်ချခံထားရသော NLD ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်တပ်က ငြင်းပယ်ခဲ့သဖြင့် သူ၏ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ထို့ကြောင့် အောက်တိုဘာလက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုခြင်းဖြင့် အာဆီယံက ပြန်လည်တုန့်ပြန်ခဲ့သည်။

စစ်ဗိုလ်ချုပ်များအပေါ် တရုတ်၏လွှမ်းမိုးမှု

သမိုင်းကြောင်းအရကြည့်ပါက အာဆီယံ၏ မြန်မာစစ်ဗိုလ်ချုပ်များအပေါ် လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်ဖြင့်သာ အောင်မြင်ခဲ့သည်ကို တွေ့ရမည်။ အခြားတစ်ဘက်မှာတော့ မြန်မာ့စီးပွားရေး ရှင်သန်နိုင်မှုအတွက် တရုတ်က အရေးကြီးပြန်သည်။
၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ခဲ့သော မြန်မာစစ်အာဏာရှင် အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များစွာ မှာလည်း တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကြောင့် အနောက်၏ ပိတ်ဆို့အရေးယူများကို အတော်အတန် ဖြေလျှော့နိုင်ခဲ့သည်။

တရုတ်၏ရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံသည် ဘေဂျင်း၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့မှတဆင့် မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်များကို တင်ပို့ပေးနေသည်။
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းတွင် မြန်မာနိုင်ငံက အဓိကကျသောအခန်းကဏ္ဍမှာ ရှိနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း တရုတ် (နှင့်ရုရှား) နိုင်ငံ၏ထောက်ခံမှုကို မြန်မာစစ်တပ် ရရှိထားသည်။

မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်မှုက တရုတ်အတွက် အကျိုးစီးပွားဖြစ်လိမ့်မည်။ ဘေဂျင်းသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် မြန်မာစစ်တပ်နှင့် စစ်တပ်ကဖြုတ်ချခဲ့သော NLD ပါတီနှင့်လည်း ချိတ်ဆက်မှုရှိသည်။ သို့သော်လည်း မြန်မာပြည်သူများအကြား တရုတ်ဆန့်ကျင်ရေးစိတ်များ မြင့်တက်လာနေသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်စီးပွားရေးလုပ်ငန်းများ ဆက်တိုက် မီးရှို့ဖျက်ဆီးခံရမှု ရှိခဲ့သည်။

တရားဝင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်ရန် တရုတ်အတွက် အကန့်အသတ် ရှိနေသော်လည်း နောက်ကွယ်ကနေ စစ်ဗိုလ်ချုပ်တွေ ဆွေးနွေးညှိနှိုင်းရေးစားပွဲကို ရောက်ရှိလာအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။
အမေရိကန်နှင့်အီးယူအနေဖြင့် အလားအလာရှိသော ညှိနှိုင်းသူများ ဖြစ်လာနိုင်သော်လည်း စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးအကျိုးအမြတ်များကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသဖြင့် ကန့်သတ်ခံနေရပြန်သည်။

သို့သော်လည်း ဂျပန်ကတော့ မတူခြားနားသောအနေအထားမှာ ရှိနေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့ဖူးသည့် သမိုင်းဆိုင်ရာ တာဝန်ဝတ္တရားများအရ ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးလာခြင်းကို ကန့်သတ်ရန် ဗျူဟာမြောက် စိတ်ဝင်စားစရာအကြောင်း ဖြစ်လာသည်။

ဂျပန်အနေဖြင့် အကျိုးသက်ရောက်မှုမရှိခဲ့သော အနောက်နိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ပိတ်ဆို့အရေးယူမှုများနှင့် မြန်မာ့သယံဇာတများကို အသုံးချနေသော တရုတ်နိုင်ငံအကြားမှ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးပြီး မြန်မာပြည်သူများအားကူညီရန် အတော်အတန် အားထုတ်ခဲ့သည်။
ယမန်နှစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်ကုမ္ပဏီအချို့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော်လည်း အကူအညီများကတော့ ဆက်လက်ရှိနေဆဲဖြစ်သည်။ တရုတ်၊ အမေရိကန်တို့နှင့်မတူဘဲ လက်ရှိပဋိပက္ခတွင် ဂျပန်အနေဖြင့် နှစ်ဘက်စလုံးနှင့် သံတမန်ရေးရာ ယုံကြည်စိတ်ချရမှု အတိုင်းအတာတစ်ခုထိ ရှိနေသည်။

အခရာကျသောအာဆီယံ

မြန်မာ့အကျပ်အတည်း အဆုံးသတ်ရန်ကြိုးပမ်းမှုတွင် အာဆီယံက အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်။ သဘောထားတင်းမာသော ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွန်ဆန်က လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယခင်နှစ်ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုရှိပါက အာဆီယံထိပ်သီး အစည်းအဝေးများသို့ စစ်ခေါင်းဆောင်များအား ဖိတ်ခေါ်ဖို့် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပြီးဖြစ်သည်။

သို့ရာတွင် ဤမျှလောက်ဖြင့် ဟွန်ဆန်သည် စစ်တပ်ပြိုင်ဘက်များအတွက် ယုံကြည်လောက်ဖွယ် ငြိမ်းချမ်းရေးပွဲစားတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။

ဤအခြေအနေတွင် ကုလသမဂ္ဂနှင့် ဒေသတွင်းသြဇာကြီးမားသော အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့က မြန်မာအကျပ်အတည်း အဆုံးသတ်ဖို့ တညီတညွတ်တည်း လုပ်ဆောင်ရပေမည်။ စစ်ဗိုလ်ချုပ်များကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီ ခေါ်လာနိုင်ရေးအတွက် ၎င်းနိုင်ငံများက အာဆီယံ၏ကြိုးပမ်းမှုကို အရှိန်မြှင့်ပေးဖို့်လိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဆီယံ၏ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး မဟာဗျူဟာသည် အကျိုးအမြတ် မရှိခဲ့သလောက်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံ၏ဗျူဟာသည် နိုင်ငံရေးအရ ပြေလည်မှုရရှိရန် အဓိကမျှော်လင့်ချက်အဖြစ် ရှိနေဆဲဖြစ်သည်။
အာဆီယံအနေဖြင့် အနည်းဆုံးအားဖြင့်တော့ မြန်မာနိုင်ငံရှိ ရေရှည်ဒုက္ခသည်များထံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကို ဆောင်ရွက်ရပေမည်။ အနည်းဆုံးတော့ ၎င်းက ပဋိပက္ခပြင်းထန်လာနေသော မြန်မာနိုင်ငံအတွက်လည်း မျှော်လင့်ချက် ဖြစ်လာပေလိမ့်မည်။

ကြည်ဖြူစံ
Asia Times တွင် Catherine Renshaw ရေးသားထားသော Can Myanmar be stopped from becoming a failed state? ကို ဆီလျော်အောင် ရေးသားသည်။ 

ဗီဒီယိုများ