မြန်မာစစ်တပ်နဲ့ရက္ခိုင့်တပ်တော်ကြား ထိရှလွယ်သော ယာယီအပစ်အခတ်ရပ်စဲမှုများ

မြန်မာစစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာတော့ အေအေက TNLA ၊ MNDAA တို့နဲ့အတူ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူကို ဆက်ပြီးသတ်ဖြတ်နေရင် စစ်ကောင်စီကို တွန်းလှန်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

By Admin 30 Dec 2022

မြန်မာစစ်တပ်နဲ့ရက္ခိုင့်တပ်တော်ကြား ထိရှလွယ်သော ယာယီအပစ်အခတ်ရပ်စဲမှုများ

ဖာပွန်ခရိုင်ရှိ KNU/KNLA တပ်မဟာ ၅ နယ်မြေတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် ၇၂ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော ရက္ခိုင့်တပ်တော် ဗိုလ်မှူးကြီးကျော်ဟန်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Facebook / Wild Bird

ဘုန်းမောင် ဘာသာပြန်ဆိုသည်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကြား အစဉ်အလာ မဟုတ်တဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်ကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး နောက်ထပ် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခု နိုဝင်ဘာလနှောင်းပိုင်းမှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ မြန်မာစစ်တပ်က ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ဆို့တားဆီးမှုတွေက ရခိုင်ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်လာတဲ့အတွက် ယာယီအပစ်ရပ်စဲလိုက်တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က တရားဝင်ထုတ်ပြန်ထားပါတယ်။ ခုလို ယာယီအပစ်ရပ်လိုက်တာက ရခိုင်ပြည်နယ်တွင်းက စစ်ပွဲတွေကိုငြီးငွေ့နေပြီဖြစ်တဲ့ ပြည်သူတွေကို သက်သာရာရစေပြီး ရေရှည်တည်တံနိုင်ပါ့မလား ဆိုတဲ့မေးခွန်းက ထွက်ပေါ်နေတုန်းပါပဲ။

■ ရက္ခိုင့်တပ်တော် အင်အားကြီးမားလာခြင်း

AA ကို ၂၀၀၉ ခုနှစ် ဧပြီက ကချင်ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်သလို ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ပြန်ပြီးရယူဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းချိန်က လူအင်အားဒါဇင်လောက်နဲ့ စတင်ခဲ့ရပေမယ့် KIA လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်နဲ့လေ့ကျင့်ရေး အကူအညီတွေကြောင့် နောက်ပိုင်းမှာတော့ အင်အားကြီးမားလာ ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အင်အား ၇၀၀၀ ရှိလာခဲ့ပါတယ်။

ကနဦးကာလမှာတော့ AA ဟာ KIA နဲ့လက်တွဲပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အစောပိုင်းကာလမှာတော့ မြန်မာစစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရခိုင်ပြည်နယ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့ဆီ ရွှေ့ပြောင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကစတင်ပြီး အေအေနဲ့မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး အေအေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တိုးမြှင့်တိုက်ခိုက်လာတဲ့အတွက် လုံခြုံရေးတပ် ဖွဲ့ဝင်တွေအနေနဲ့ ကြီးမားတဲ့အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရက အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၂၀ ခုနှစ် မတ်လမှာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

■ ပထမအပစ်အခတ်ရပ်စဲရေးကာလအတွင်း အေအေရဲ့ ချဲ့ထွင်မှု

အပစ်အခတ်ရပ်စဲပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်က အာဏာ သိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်စစ်မျက်နှာသစ် မဖွင့်လိုတဲ့အတွက် စစ်ခေါင်းဆောင်တွေက အေအေခေါင်းဆောင်တွေဆီ ချဉ်းကပ်ပြီး အပစ်အခတ် ဆက်လက်ရပ်စဲထားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ULA / AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကနေ ပြန်ပြီး ရုတ်သိမ်းပေးခဲ့ပါတယ်။ အေအေတိုက်ခိုက်ရေးသမားတွေအနေနဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို တရားဝင်ကြေညာချက်တွေ ထုတ်ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာတော့ အေအေက TNLA ၊ MNDAA တို့နဲ့အတူ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူကို ဆက်ပြီးသတ်ဖြတ်နေရင် စစ်ကောင်စီကို တွန်းလှန်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။ ဒါပေမယ့်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် အေအေက မြန်မာစစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးကနေ ရှောင်ကျဉ်ခဲ့ပါတယ်။ ဒီလိုရှောင်ခဲ့ရတဲ့ အကြောင်းကလည်း အေအေနဲ့ စစ်တပ် အပစ်အခတ်ရပ်စဲထားပေမယ့် နိုင်ငံတွင်းက တခြားနေရာမှာ စစ်ကောင်စီက စစ်ပွဲအတွင်း နှစ်မြှုပ်နေပါတယ်။ ဒီလိုအခြေအနေမှာ အေအေအနေနဲ့ စစ်အင်အားပြန်တည်ဆောက်ဖို့နဲ့ ဒေသတွင်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခြင်းအားဖြင့် နယ်မြေတွေစုဆောင်းနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ အေအေခေါင်းဆောင်တွေက မြင်ထားကြပါတယ်။

အာဏာသိမ်းပြီးတဲ့လတွေအတွင်း ရခိုင်ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံနဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ အေအေရဲ့တရားစီရင်ရေး ပျံ့နှံ့သွားခဲ့ပါတယ်။ လျစ်လျူရှုခံထားရတဲ့ ကျေးလက်ပြည်သူတွေ အတွက် အေအေရဲ့အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲအရာရှိတွေပါ ခန့်ထားခဲ့ပါတယ်။ ရခိုင်ပြည်သူတွေကြားထဲ အေအေအပေါ် ထောက်ခံမှုတိုးမြှင့်လာခဲ့ပြီး အရင်က စစ်တပ်အဖြစ် တည်ရှိခဲ့တဲ့အေအေဟာ စင်ပြိုင်အစိုးရအဖြစ် ပြောင်းလဲသွားတာမျိုး တွေ့ရှိခဲ့ရတယ်လို့ စစ်တွေအခြေစိုက် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

■ အပစ်အခတ်ရပ်စဲရေး ပြိုလဲရသည့် အကြောင်းရင်းများနှင့် သက်တမ်းတိုးခြင်း

အေအေနဲ့ဆက်စပ်မှုရှိတယ်ဆိုတဲ့ သံသယရှိသူတွေကို ဖမ်းဆီးခြင်းနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ လမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေက ဒေသခံလူထုရဲ့ မကျေနပ်မှုကို ကြီးထွားလာစေခဲ့ပြီး ရခိုင်ပြည်နယ်မှာ အေအေရဲ့ဩဇာ ကြီးထွားလာတာကို မြန်မာစစ်အုပ်စုက မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့်လည်း အေအေနဲ့မြန်မာစစ်တပ်ကြား တိုက်ပွဲတွေစတင်ခဲ့ပြီး တစ်ခါတစ်လေမှာတော့ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ ဧပြီလအစောပိုင်းမှာတော့ ရခိုင်ပြည်နယ်တွင်း အေအေရဲ့အုပ်ချုပ်ရေးအပေါ် မြန်မာစစ်တပ်ဘက်က ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာလိမ့်မယ်လို့ အေအေက သတိပေးခဲ့ပါတယ်။

ဇွန်လမှာတော့ အေအေက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ရုံသာမက စစ်အုပ်စုက ဖယ်ရှားလိုက်တဲ့ NLD အစိုးရရဲ့ ဥပဒေပြုအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG နဲ့ အဆက်အသွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အေအေအခြေစိုက် စခန်းတွေကို မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဇူလိုင်လအတွင်း သိသိသာသာ ပြင်းထန်လာခဲ့ပါတယ်။ အေအေက မြန်မာစစ်တပ်ရဲ့ ခြေကုတ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကလည်း ပိုပြီးတိုးလာခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာပဲ အပစ်အခတ် ရပ်စဲရေးကို သဘောတူခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကနေ ဘာတွေအမြတ်ထွက်လာမလဲ ဆိုတာ နှစ်ဘက်လုံးက စောင့်ကြည့်နေပါတယ်။ နှစ်ဘက်လုံးကို လက်နက်နဲ့လူအင်အား ပြန်ပြီးထောက်ပံ့ပေး နိုင်ပါလိမ့်မယ်။ ပထမအပစ်အခတ်ရပ်စဲရေး ကာလအတွင်း အေအေက သူ့ရဲ့အုပ်ချုပ်ရေး ယန္တရားတွေကတဆင့် နယ်မြေစိုးမိုးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း မကြာသေးခင်ကမှ ဆုံးရှုံးသွားခဲ့ရတဲ့ ထိန်းချုပ်မှုတွေကို ပြန်ပြီးထူထောင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်နေချိန်မျိုးမှာ စစ်အုပ်စုအနေနဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်စစ်မျက်နှာသစ် မဖွင့်ချင်တော့တာကလည်း သိသာပါတယ်။

■ နိဂုံး

အေအေနဲ့စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးက မတည်မြဲနိုင်ပါဘူး။ နှစ်ဘက်လုံးက ထောက်ပံ့ရေးနဲ့ တပ်အင်အားဖြည့်ဆည်းမှုတွေကို နှောင့်ယှက်နိုင်ရုံသာမက အပစ်အခတ်ရပ်စဲရေး အတွက် အကြောင်းတစ်ချက်ဖြစ်တဲ့ ကုန်လမ်းရေလမ်းတွေကို ပိတ်ဆို့ထားသလို ခရီးသွားလာရေးနဲ့ ကယ်ဆယ်ရေးပစ္စည်း ပို့ဆောင်ရေးကိုလည်း ပိတ်ဆို့ ထားဆဲပါပဲ။ ဒါက တစ်ဘက်နဲ့တစ်ဘက် မယုံကြည်မှုရဲ့ လက္ခဏာတွေပါပဲ။ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရေး ကန့်သတ်ချက်တွေ စစ်တပ်က မရုပ်သိမ်းရင် တိုက်ပွဲတွေအချိန် မရွေးပြန်ဖြစ်နိုင်တယ်လို့ အေအေက သတိပေးထားပါတယ်။ မြန်မာစစ်တပ်ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားနိုင်တဲ့ အေအေရဲ့ခြေလှမ်းကျဲကျဲကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေပါတယ်။ NUG ဒါမှမဟုတ် တခြားစစ်အုပ်စုဆန့်ကျင်ရေး အဖွဲ့တစ်ဖွဲ့ဖွဲ့နဲ့သာ အေအေက လက်တွဲသွားရင် စစ်တပ်နဲ့ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။

NUG နဲ့လက်တွဲမတွဲ ကလည်း အေအေအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ NLD က အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အတွက် ဒီတစ်ကြိမ်က သတိကြီးကြီးထားရမယ့် အချိန်ပါပဲ။ ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ထားတဲ့ တရုတ်နဲ့အိန္ဒိယလို အင်အားကြီးနိုင်ငံတွေ ကလည်း အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီးထိန်းထားဖို့ နှစ်ဘက်လုံးကို ဖိအားပေးပါလိမ့်မယ်။ ဒီဖိအားတွေအပေါ် နှစ်ဘက်လုံးက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရပါလိမ့်မယ်။

ဘုန်းမောင်

The Jamestown တွင်ဖော်ပြထားသော The Arakan Army and Tatmadaw’s Tenuous Truces in Myanmar's Rakhine State ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ