- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
မြန်မာနိုင်ငံသားများ ထိုင်းတွင် တိုက်ခန်းများ စတင်ဝယ်ယူလာကြသည့် ၂၀၂၂ ခုနှစ်မှစ၍ လက်ရှိအထိ တိုက်ခန်းအဝယ်များမှာ တောက်လျှောက် အတက်သာရှိနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
21 Nov 2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပါအဝင် နေရာအများအပြားတွင် မြန်မာများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု အထူးမြင့်တက်နေသလို ပြည်တွင်းစစ်ကြောင့် စီးပွားရေး ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံမှ ငွေကြေးများကိုပါ ပြောင်းရွေ့ကြမည့် အနေအထားတွင် ရှိသဖြင့် နှေးကွေးနေသည့် ထိုင်း အိမ်ခြံမြေစျေးကွက်အတွက် အားတက်ဖွယ်ရာ ဖြစ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုသည် ပြီးခဲ့သောနှစ် အလားတူကာလအတွင်း ဝယ်ယူမှုထက် သုံးဆအထိ မြင့်တက်လာကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC) ၏ အချက်အလက်များအရ သိရသည်။
ထိုင်းတွင် တိုက်ခန်း ဝယ်ယူကြသည့် နိုင်ငံခြားသားများအနက် တရုတ်ပြီးလျှင် မြန်မာသည် ဒုတိယ အများဆုံး ဖြစ်လာကြောင်းလည်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
“ပြည်ပနိုင်ငံတွေမှာ ပဋိပက္ခဖြစ်တဲ့ အချိန်တွေ ဆိုရင် နိုင်ငံခြားသားတွေဟာ အေးအေးချမ်းချမ်းနေဖို့ ထိုင်းနိုင်ငံဆီ လှည့်လာကြတယ်” ဟု REIC ၏ အထွေထွေ ညွှန်ကြားရေးမှူး ကာမွန်ပေါ့ဗီရာပါလာက ယခုသီတင်းပတ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်းတွင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့သော ကွန်ဒိုတိုက်ခန်း စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၈ သန်းခန့် ရှိသည်ဟု REIC ၏ အချက်အလက်များအရ သိရသည်။
ပြည်ပတွင် အိမ်ခြံမြေများ ဝယ်ယူမှုအား တရားမဝင်ဟု သတ်မှတ်ခြင်းမျိုး မြန်မာနိုင်ငံ၌ ယခင်က မရှိခဲ့ပေ။ သို့သော်လည်း ယခုအခါ မြန်မာစစ်ကောင်စီသည် နိုင်ငံခြားငွေကြေး စီးဆင်းမှုကို ကန့်သတ်ချက်များ ပြုလုပ်လာနေသည်။ စစ်ကောင်စီသည် ယခုနှစ် ဇွန်လတွင်လည်း ထိုင်းကွန်ဒိုများ ရောင်းချမှုဖြင့် လူငါးဦးကို တရားစွဲဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ပွဲများနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေပြီး ချမ်းသာကြွယ်ဝသော မြန်မာအချို့သည် ပြည်တွင်း၌ ငွေကြေးသိမ်းဆည်းထားရသည်ကို ရှောင်လွဲနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် တိုက်ခန်းများ ဝယ်ယူလာကြသည်ဟု အမည်မဖော်လိုသည့် အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
၎င်းတို့ ဝယ်ယူကြသည့် တိုက်ခန်းစျေးနှုန်းများသည် အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ နှင့် ၃၅၀,၀၀၀ အကြားတွင်ရှိသည်။ ဘန်ကောက်တွင် အများဆုံး ဝယ်ယူကြပြီး ဒုတိယ ဝယ်ယူမှု အများဆုံးမှာ ချင်းမိုင်ဖြစ်သည်ဟု အဆိုပါ အကျိုးဆောင်က ပြောသည်။
မြန်မာနိုင်ငံသားများ ထိုင်းတွင် တိုက်ခန်းများ စတင်ဝယ်ယူလာကြသည့် ၂၀၂၂ ခုနှစ်မှစ၍ လက်ရှိအထိ တိုက်ခန်းအဝယ်များမှာ တောက်လျှောက် အတက်သာရှိနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။