မြန်မာ့ဝေဒနာ၊ ကမ္ဘာကြီးရဲ့ ဥပေက္ခာ

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်တဲ့ ရစ်ချက်ဟော်ဆေး ပြောခဲ့ဖူးတဲ့အတိုင်း ပထမဆုံးလုပ်ဆောင်ရမယ့် အရေးကြီးတဲ့အချက်က အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတာကို ရပ်တန့်ဖို့ပါ။

By Admin 06 Feb 2023

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးကြသူတွေဆီ ရောက်လာတဲ့ အကူအညီများ။ ဓာတ်ပုံ - TNH
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးကြသူတွေဆီ ရောက်လာတဲ့ အကူအညီများ။ ဓာတ်ပုံ - TNH

DMG (ဘာသာပြန်ဆောင်းပါး)

ရုရှားက ယူကရိန်းနိုင်ငံကိုကျူးကျော်ပြီး လအနည်းငယ်အကြာမှာပဲ ယူကရိန်းနိုင်ငံသား အရာရှိတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ရာမှာ “ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံးစိုးရိမ်မှုက ဘာလဲ…” လို့ မေးမြန်းခဲ့ပါ တယ်။ မဆိုင်းမတွ သူပြန်ဖြေခဲ့တာကတော့ “ကျွန်မတို့ကို လူတွေမေ့ပစ်လိုက်မှာကိုပေါ့” တဲ့။

တကယ်တမ်းတော့လည်း ဒီစကားတွေက ယူကရိန်းနဲ့ ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာတဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ပိုပြီးကိုက်ညီနေပါတယ်။ ဒီစကားလုံးကို အရင်းနှီးဆုံး ကျွမ်းဝင်နေကြသူတွေဟာ အာဏာသိမ်းတာကို ပြန်ပြီးဆန့်ကျင်တိုက်ခိုက်နေကြတဲ့ မြန်မာပြည်သူတွေပါပဲ။ အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ရှိလာချိန်မှာတော့ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်း ခေါင်းကြီးပိုင်းတွေရဲ့ အပြင်ဘက်ရောက်သွားခဲ့ရပြီး ထိန်းချုပ်ဖို့ခက်ခဲတဲ့ ပြည်တွင်းစစ်ထဲ ထိုးကျသွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ဒီနှစ်နှောင်းပိုင်းမှာကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ပဖိအားတွေ လျှော့ချဖို့နဲ့ လုံလောက်တဲ့တရားဝင်မှု ရလာဖို့အတွက် မြန်မာစစ်တပ်က လောင်းကြေးထပ်နေပါတယ်။ ဒါကြောင့်လည်း ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက ဖိအားတွေပိုပြီးတိုးပေးဖို့ လိုအပ်ပါတယ်။

အသစ်ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ပါဝင်တဲ့ လွှတ်တော်သစ်အတွက် ကျမ်းသစ္စာမကျိန်ဆိုရသေးခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ခင်းပိုင်းမှာပဲ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာကြုံနေရတဲ့ ဘေးဒုက္ခတွေဆိုတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်မှ စတင်ပေါ်ပေါက်ခဲ့တာမဟုတ်ဘဲ နဂိုကတည်းက ရှိနေပြီးသား ဘေးဒုက္ခတွေကို သေချာပေါက်ထပ်ပြီး တိုးမြှင့်ပေးလိုက်တာသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက လက်မခံနိုင်ဘဲ အငြင်းပွားခဲ့ပြီး အာဏာသိမ်းခဲ့ပါတယ်။ အဖုအထစ်တွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ လျှောက်လှမ်းနေရတဲ့ မြန်မာ့ဒီမိုကရေစီလည်း အဆုံးသတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုနီးပါး စစ်တပ်က စစ်အုပ်ချုပ်ရေး ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေက အရင်က သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကို ပြန်ပြီးသိမ်းပိုက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် တော်လှန်ရေးအရှိန် ပိုပြီးမြှင့်တင်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူထားတဲ့ အကြမ်းဖက်နေတာတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်တဲ့အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ အာဆီယံသဘောတူညီချက် ၅ ရပ်ရဲ့အခြေအနေက အချိန်တွေကြာလာတာနဲ့အမျှ တိုးတက်မလာခဲ့ပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ တိုးတက်လာရမယ့် အစား အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ တော်လှန်ရေးလှုပ်ရှားမှုတွေက နိုင်ငံအနှံ့ ပျံ့နှံ့သွားခဲ့ပြီး အရင်ကတည်းက ရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လက်တွဲပြီး ပဋိပက္ခတွေက ပိုပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ဒုက္ခသည်တွေလည်း အိမ်နီးချင်းနိုင်ငံတွေဆီ စီးဆင်းသွားခဲ့ပြီး လူပေါင်းတစ်သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ရာဇဝတ်မှုတွေ ထူပြောလာပါတယ်။ စီးပွားရေး မလွဲမသေဆုတ်ယုတ်သွားတာကိုတော့ စစ်ကောင်စီ လုပ်ရပ်တွေက သက်သေပြနေပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၂,၈၀၀ နီးပါး သတ်ဖြတ်ထားပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ အတွင်း လူပေါင်း ၁၇,၄၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲ တချို့က တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြပြီး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေး သတ်ဖြတ်ခဲ့တာတွေအပြင် တရားလက်လွတ် စီရင်ချက် ချမှတ်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေအပါအဝင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ရပါတယ်။ အဲဒီ ကာလလောက်မှာပဲ မြန်မာနိုင်ငံရဲ့ မီးရှူးတန်ဆောင်ဖြစ်ခဲ့ပြီး လူ့အခွင့်အရေးတိုက်ပွဲဝင်သူအဖြစ် တစ်ချိန်ကကျော်ကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပါတယ်။ တစ်ချိန်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်မှာနေထိုင်တဲ့ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး(ICJ) မှာ ငြင်းဆိုခဲ့ဖူးပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ အရေးပေါ်အခြေအနေက အချိန်ကုန်ဆုံးသွားခဲ့တဲ့ နည်းတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာ ရွေးကောက်ပွဲကျင်းပပေးမယ့် အစီအစဉ်တွေ ရှိလာခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့တဲ့ NLD ပါတီကို ဖယ်ထုတ်တာနဲ့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတချို့ အပြောင်းအလဲ လုပ်တာတွေနဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီ အနိုင်ရဖို့သေချာတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ပါ။ ကုလသမဂ္ဂက မှတ်ချက်ပြုထားတဲ့အတိုင်း မြန်မာစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတဖို့ အခွင့်အလမ်းက မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း သေချာပေါက် အကြမ်းဖက်မှုတွေက တိုးလာမှာပါပဲ။

ပြင်ပလူတွေရဲ့ လွှမ်းမိုးနိုင်မှုတွေက အကန့်အသတ်ရှိနေပြီး စိတ်ပျက်ဒေါသ ဖြစ်ရမှာတွေကသာ အသေအချာပါပဲ။ ပြီးခဲ့တဲ့နှစ်က အာဆီယံဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်းက ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ "ကျွန်တော်က အထူးသံတမန်တစ်ယောက်ပါ။ စူပါမင်းမဟုတ်ပါဘူး" လို့ သတင်းထောက်တွေကို ပြောခဲ့ဖူးပါတယ်။ "စူပါမင်းကတောင် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်" လို့ သူကဆိုပါတယ်။

ဒါပေမယ့်လည်း ကျယ်ပြန့်တဲ့ဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အတွက် ရွေးချယ်စရာ လုံးဝမရှိတာတော့လည်း မဟုတ်ပါဘူး။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်တဲ့ ရစ်ချက်ဟော်ဆေး ပြောခဲ့ဖူးတဲ့အတိုင်း ပထမဆုံးလုပ်ဆောင်ရမယ့် အရေးကြီးတဲ့အချက်က အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတာကို ရပ်တန့်ဖို့ပါ။ ဒီနှစ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီကပြောဆိုထားတဲ့ ရွေးကောက်ပွဲက အထူးသဖြင့်တော့ ဒေသတွင်းမှာရှိနေတဲ့ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အဆိုးထဲက အကောင်းအဖြစ်နဲ့ ရွေးကောက်ပွဲရလဒ်တွေကိုသာ ပြည်ပခေါင်းဆောင်တွေအနေနဲ့ လက်ခံလိုက်ကြဖို့ စစ်ကောင်စီက စည်းရုံးသိမ်းသွင်းလိမ့်မယ်လို့ ရစ်ချတ်က ထောက်ပြခဲ့ပါတယ်။ တကယ်တမ်းတော့လည်း မြန်မာနိုင်ငံဟာ ပဋိပက္ခတွေ ဖြစ်ပွား ရာဒေသတစ်ခုဖြစ်နေခဲ့တာ ဆယ်စုနှစ်တွေ အများကြီးကြာခဲ့ပါပြီ။

တကယ်လို့များ စစ်ကောင်စီခေါင်းဆောင်တွေက ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါမှမဟုတ် ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေအပေါ် ဖြေလျှော့ပေးတာမျိုးနဲ့ နည်းဗျူဟာကျကျ ကစားခဲ့မယ်ဆိုရင် ဒါကိုဆက်ပြီး တောင့်ခံထားနိုင်ဖို့က ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒီလိုတွေသာ ဖြစ်ခဲ့မယ်ဆိုရင် မဟာဗျူဟာလေ့လာရေးနဲ့ နိုင်ငံတကာအဖွဲ့ (IISS ) ရဲ့ Aaron Connelly ရှင်းပြခဲ့သလိုပဲ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား ပိုပြီးကျယ်ပြန့်တဲ့ ကွဲပြဲမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်က NLD လည်း အကွဲကွဲအပြားပြား ဖြစ်သွားမယ့် အန္တရာယ်ရှိပါတယ်။

ဖိအားကို ဆက်ပြီးထိန်းထားနိုင်ဖို့က တကယ်ကိုအရေးကြီးပါတယ်။

တရုတ်နဲ့ရုရှားတို့ရဲ့ ဗီတိုအာဏာ အသုံးပြုမှုတွေကြောင့် မြန်မာစစ်တပ်အပေါ် ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်မှုတွေ အထမမြောက်နိုင်သေးဘူး ဆိုပေမယ့် အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထိန်းသိမ်းထားနိုင်သေးသလို ထပ်ပြီးလည်း အရှိန်တိုးမြှင့်နိုင်ပါသေးတယ်။ လက်ရှိ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု တွေကလည်း ချက်ချင်း ပြောင်းလဲသွားနိုင်စရာအကြောင်း မရှိသေးပါဘူး။ မြန်မာစစ်တပ်အနေနဲ့ ကန့်သတ်ခံရမှုတွေကို ရှောင်ရှားတဲ့နေရာမှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိထားပြီးပြီ ဆိုပေမယ့် အခုလိုပိတ်ဆို့အရေးယူမှုတွေကပဲ အနောက်နိုင်ငံတွေရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတာဖြစ်သလို အမှန်တကယ်လည်း ထိရောက်ခဲ့ပါတယ်။ 

အနောက်နိုင်ငံ အစိုးရတွေအနေနဲ့ လက်နက်တွေပေးပို့မှာ မဟုတ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြေပြင်မှာ တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး လှုပ်ရှားနေကြသူတွေကို ကျန်တဲ့အကူအညီတွေ ပေးအပ်တာ၊ ညှိနှိုင်းဆောင် ရွက်မှုတွေအပေါ်အားပေးတာ၊ ဒေသတွင်းအဖွဲ့အစည်းတွေ ကနေတဆင့် လူသားချင်းစာနာမှု အကူအညီတွေပေး တာတွေအပြင် အားလုံးထက်ပိုပြီး NUG ရဲ့ ယုံကြည်ကိုးစားခံထိုက်မှုကို ဆက်ပြီး အလေးထားဆောင်ရွက်ပေးနိုင်ပါတယ်။ အနောက်နိုင်ငံတွေအတွက် အကန့်အသတ်ရှိတယ် ဆိုပေမယ့် လုံးဝ ကူညီလို့မရတာတော့လည်း မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့ လက်နက်ရောင်းချမှု ကန့်သတ်ချက်တွေအပေါ် အားပေးရုံသာမက အရှိန်မြှင့်ဆောင်ရွက်ဖို့ကိုလည်း ဖိအားတွေပေးနိုင်ပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲ တရားဝင်ဖြစ်စေမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီတွေကိုလည်း ကြိုတင်ဟန့်တားနိုင်ပါသေးတယ်။ ဥပမာပြောရရင် ရှေ့မှာ အိန္ဒိယလုပ်ခဲ့ဖူးတဲ့ လေ့လာသူတွေ စေလွှတ်တဲ့လုပ်ရပ်မျိုး ဖြစ်ပါတယ်။ 

နယူးဒေလီနဲ့ဘေဂျင်းတို့မှာ တခြားဦးစားပေးစရာတွေ ရှိနေတယ်ဆိုပေမယ့် (အထူးသဖြင့်) တရုတ်အနေနဲ့ကတော့ မိမိတို့အိမ်တံခါးဝမှာ မီးလောင်မယ့်ပစ္စည်းတစ်ခု ရှိနေတဲ့အပေါ် မနှစ်မြို့ဘဲ တိတ်တိတ်နေပြီး ဆန့်ကျင်တဲ့ပုံမျိုး ဖန်တီးပေးသင့်ပါတယ်။ တကယ်တော့လည်း ဘေဂျင်းနဲ့မြန်မာစစ်တပ်ကြား အချစ်လျော့စရာကိစ္စတွေက ရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ကို တရုတ်က မကန့်ကွက်ခဲ့ပါဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း တရုတ်ရဲ့ပထမဆုံးအပြုအမူက သေးငယ်တယ်ပဲ ထားဦးတော့၊ အောင်မြင်မှုအတွက် သင်္ကေတတစ်ခုဖြစ်ပြီး လက်နက်ရောင်းချမှုပိတ်ပင်ခြင်းလို ပိုပြီးကြီးမားတဲ့ခြေလှမ်းတွေ အတွက် မျှော်လင့်ချက်ပါပဲ။ နောက်ထပ်မျှော်လင့်ချက်တစ်ခုကတော့ ဖယ်ရှားခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စားလှယ်က ကုလသမဂ္ဂမှာ ဆက်ပြီး ရှိနေသေးတာပါ။ ဂျပန်နိုင်ငံလို ဆက်ဆံရေးဆက်ပြီးရှိနေဦးမယ့် တခြားနိုင်ငံတွေကလည်း အမြန်ဆုံး အဖြေပေးသင့်နေပါပြီ။

နောက်ပြီး မြန်မာကိုအစမ်းသပ်ခံနိုင်ငံ ဖြစ်နေစေတဲ့ အာဆီယံလည်းရှိပါသေးတယ်။ မြနိမာနိုင်ငံပြဿနာကို အာဆီယံဆီလွှဲပေးဖို့ အနောက်နိုင်ငံတွေက စိတ်အားထက်သန်နေပေမယ့် ထိထိရောက်ရောက် အာဆီယံက မဆောင်ရွက်နိုင်တဲ့အတွက် မကြာခဏဆိုသလို အစီအစဉ်တွေ ဖျာလိပ်ခဲ့ရပါတယ်။ ဥပမာဆိုရရင် စစ်ကောင်စီရဲ့ကိုယ်စားပြုမှုကို အဆင့်နိမ့်ချပစ်လိုက်ပေမယ့် စိုးရိမ်သလောက်တော့လည်း တချို့တွေက မဆောင်ရွက်ခဲ့ပါဘူး။ ပြီးခဲ့နှစ် ဘာလီမှာ သံတမန်ရေးရာအောင်မြင်မှု မြင့်မားလာခဲ့ပြီးတဲ့နောက် သမ္မတဂျိုကိုဝီဒိုဒို အဆိုပြုထားခဲ့တဲ့ ပိုပြီးထိရောက်တဲ့ ဆိုင်းငံ့မှုတွေဆောင်ရွက်ဖို့ အင်ဒိုနီးရှားက ဥက္ကဋ္ဌဖြစ်နေချိန်မှာ ပိုပြီး အခွင့်အရေးရှိနေပါတယ်။ ဒါပေမယ့် ဂျကာတာရဲ့ ဦးစားပေးအစီအစဉ်မှာ ထိပ်ဆုံးမှာရှိနေတာက စီးပွားရေးကိစ္စသာဖြစ်ပြီး  မြန်မာ့အရေး မဟုတ်ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ် ထောက်ပြခဲ့သလို အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအရ အရေးယူမှုစတဲ့ ပါဝင်သူတိုင်းရဲ့ အခန်းကဏ္ဍတွေက အေးဆေးသက်သာတဲ့ အနေအထားကို ရောက်သွားခဲ့ပါပြီ။ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတချို့ လိုအပ်နေပြီး အထူးသဖြင့် အဆင့်မြင့်ဘဏ္ဍာရေး၊ ကျန်းမာရေးနဲ့ ပညာရေး စတဲ့ဝန်ဆောင်မှုတွေ ဆက်ပြီးအသုံးပြုနိုင်ဖို့ စစ်ကောင်စီခေါင်းဆောင်တွေကိုယ်တိုင် ဖိအားဖြစ်နေဖို့ ဒေသတွင်းနိုင်ငံတွေကို တွန်းအားပေးဖို့လည်း လိုအပ်ပါတယ်။

အာဏာသိမ်းမှုက မြန်မာနိုင်ငံကို ရှုပ်ထွေးမှုတွေဖြစ်စေခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေ ပျံ့နှံ့စေခဲ့ရုံသာမက လူမှောင်ခိုကူးမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရောဂါဖြစ်ပွားမှုတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းက ဆေးယဉ်ပါးတီဘီရောဂါ အဓိကဖြစ်ပွားရာဒေသ ဖြစ်ခဲ့ပြီး အာဏာသိမ်းမှုကြောင့် ပိုပြီးဆိုးရွားလာခဲ့ပါတယ်။

လူထုထောက်ခံမှုမရှိဘဲ စစ်တပ်ကဆက်ပြီး အာဏာရှိနေသရွေ့ကတော့ အတိဒုက္ခရောက်ပြီး စိတ်ဆင်းရဲမှုတွေကို ထိန်းချုပ်နိုင်မယ့် မျှော်လင့်ချက်ဆိုတာလည်း မရှိနိုင်ပါသေးကြောင်း ... ။

ဘုန်းမောင်
"Bloomberg" တွင်ဖော်ပြထားသော "Clara Ferreira Marques" ရေးသားသည့် "The World Ignores Myanmar's Plight At Its Peril" ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ