ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၅)နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား မင်းပြားတွင်ပြုလုပ် 

အဆိုပါအခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာ၏ ဆွေမျိုးများနှင့် ရဲဖော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတို့က ဉီးဆောင်ပြုလုပ်ခဲ့ကြသည်။

By Admin 11 Feb 2023

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား။ ဓာတ်ပုံ - ဉီးမြတ်ထွန်း
ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား။ ဓာတ်ပုံ - ဉီးမြတ်ထွန်း

DMG ၊ ဖေဖော်ဝါရီ ၁၁

ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော်(NUPA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၅) နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်)နံနက်ပိုင်းက ၎င်း၏ဇာတိဖြစ်သည့် မင်းပြားမြို့နယ်၊ ချော်ချောင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာ၏ ဆွေမျိုးများနှင့် ရဲဖော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတို့က ဉီးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို နောင်လာနောင်သား လူငယ်တွေ အသိစိတ်ဝင်အောင်ဆိုပြီး အဓိက လုပ်ရတာဖြစ်တယ်။ နောက်တခါ အရင်က နိုင်ငံရေးနဲ့ပတ်သတ်လာရင် မလုပ်ရတာ ကန့်သတ်မှုတွေရှိတယ်။ အခုချိန်မှာ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေး တစိတ်တစ်ဒေသ လွှမ်းမိုးလာတဲ့အခါ ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးတဲ့အခမ်းအနားကို ဗိုလ်ချုပ်ရဲ့မွေးရပ်မြေမှာ ကျင်းပရတာဖြစ်တယ်” ဟု ပွဲစီစဉ်သူတစ်ဉီးဖြစ်သော ရခိုင်နိုင်ငံရေးအကျဉ်းသား‌ဟောင်းများအဖွဲ့ ဥက္ကဌ ဦးမြတ်ထွန်းက ပြောသည်။ 

ယနေ့ပြုလုပ်သည့် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာ၏ ဆွေမျိုးများနှင့် ရဲဖော်ဟောင်းများအပါအဝင် အနီးအနားမှ ဒေသခံများ စုစုပေါင်းလူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“အရင်ကဆို ဒီလို ဗိုလ်ချုပ်ခိုင်ရာဇာအတွက် ပွဲကျင်းပချင်ရင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့မှာပဲ ကျင်းပလို့ရတယ်။ ပြည်တွင်းမှာ လုပ်ခွင့်မရခဲ့ဘူး။ အခုအနေအထားမှာကျတော့ ဗိုလ်ရာဇာနေ့ အခမ်းအနားကိုကျင်းပဖို့ ရတယ်ပေါ့။ကိုယ့်ပြည်တွင်းမှာ အခုလိုကျင်းပခွင့်ရတာကတော့ ဒုတိယအကြိမ်ပါ။ ပထမဆုံးအကြိမ်ကိုတော့ မနှစ်က ကျဆုံးခြင်း (၂၄)နှစ်ပြည့်မှာ ကျင်းပနိုင်ခဲ့တယ်ပေါ့”ဟု ဦးမြတ်ထွန်းက ဆက်ပြောသည်။

၁၉၉၈ ခုနှစ်က ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် ရခိုင်ရဲဘော်(၂၇)ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမှူးလွယ်အပါအဝင် ကရင်ရဲဘော်(၁၃)ဦး၊ စုစုပေါင်း (၄၀)ဦးတို့သည် အိန္ဒိယ အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်း၌ အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှုအရ ရေတပ်အထောက်စခန်းတစ်ခု တည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အိန္ဒိယ စစ်ထောက်လှမ်းရေး၏ လှည့်စားမှုကြောင့် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင်၊ (KNU)မှ ဖဒိုမှူးလွယ်၊ ဗိုလ်ကြီးမြင့်ဆွေတို့အပါအဝင် ရဲဘော် ၆ ဉီးတို့သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဗိုလ်ချုပ်ခိုင်ရာဇာသည် ရခိုင်တော်လှန်ရေးကို အသက်နှင့်ရင်းပြီး လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်ကောင်း တစ်ဉီးဖြစ်သည်ဟု ဗိုလ်ချုပ်ခိုင်ရာဇာနှင့် လက်တွဲခဲ့သည့် ရဲဘော်ဟောင်းတစ်ဉီးက မှတ်ချက်ပြုသည်။

“အသက်နဲ့ဘဝကို ရင်းပြီးတော့ အများအကျိုးအတွက် တော်လှန်ရေးလုပ်တဲ့အထဲက လုပ်နိုင်တဲ့ ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်ခိုင်ရာဇာ ပါပြီးတော့ ခေတ်နဲ့အညီ ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ဗိုလ်ရာဇာနဲ့ လက်တွဲလုပ်ခဲ့တဲ့သူတွေတောင် မဟုတ်ဘဲ နောက်လူတွေပါ ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုကြတယ်။ ကျဆုံးသွားပြီးနောက်မှာလည်း အာဇာနည်တစ်ဉီးအဖြစ် အသိအမှတ်ပြုကြတာ တွေ့ရတယ်”ဟု ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်ခဲ့သော ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA)ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ပြီဖြစ်သည်။

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ချော်ချောင်းကျေးရွာ၌ စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#I005

ဗီဒီယိုများ