တောင်ကုတ်မှ ဆင်ဖြူတော်အပါအဝင် ဆင်လေးကောင်ကို စစ်ကောင်စီက နေပြည်တော်သို့ ယူဆောင်

တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားသည့် ဇာနန်းလှ အမည်ရ ဆင်မမှ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားသော ဆင်ငယ်(အထီး)မှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ (၈)ချက်တွင် (၇)ချက်ဖြင့် ညီညွတ်မှုရှိသည်ဟု စစ်ကောင်စီက သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

By Admin 11 Oct 2022

တောင်ကုတ်မှ ဆင်ဖြူတော်အပါအဝင် ဆင်လေးကောင်ကို စစ်ကောင်စီက နေပြည်တော်သို့ ယူဆောင်

တောင်ကုတ်မြို့နယ်မှ ဆင်များကို သယ်ဆောင်သွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

DMG ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် မကြာသေးမီက မွေးဖွားထားသည့် ဆင်ဖြူတော်အပါအဝင် ဆင်လေးကောင်ကို စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၁၁ ရက်)တွင် တောင်ကုတ်မှ ရန်ကုန်သို့ ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများမှ DMG သို့ပြောသည်။

အဆိုပါဆင်ကိုယူဆောင်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ယနေ့နံနက် ၇ နာရီအချိန်တွင် တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာအနီးမှ ဆင်များကို ကားဖြင့်တင်ဆောင်သွားကြောင်း ချောင်းသုံးခွကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ကုန်ခဲ့တဲ့ နှစ်လလောက်ကပင် ကျနော်တို့ရွာနားမှာ စစ်တပ်က အင်အားတိုးချထားတာတွေ ရှိတယ်။ သီတင်းကျွတ်နေ့က သစ်တောကြိုးဝိုင်းကနေ ကျနော်တို့ရွာနားက ကုန်းနားမှာ ဆင်တွေကိုထားတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဆင်တွေကို ကားနဲ့သယ်ယူသွားကြတယ်”ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားသည့် ဇာနန်းလှ အမည်ရ ဆင်မမှ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားသော ဆင်ငယ်(အထီး)မှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ (၈)ချက်တွင် (၇)ချက်ဖြင့် ညီညွတ်မှုရှိသည်ဟု စစ်ကောင်စီက သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါဆင်ငယ်မှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာများဖြစ်သည့် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန် ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်များ ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသဖြင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်ခဲ့သည်။

ထိုဆင်ဖြူတော်၏ အရပ်အမြင့်မှာ ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ်မှာ ၃ ပေ ၁ လက်မ၊ ကျောအလျားမှာ ၂ ပေ၊ အမြီးအလျားမှာ ၁ ပေ ၆ လက်မနှင့် မွေးဖွားစကိုယ်အလေးချိန်မှာ ၁၈၀ ပေါင်ခန့်ရှိကြောင်းဆိုသည်။

အဆိုပါဆင်ဖြူတော်အပါအဝင် ဆင်လေးကောင်ကို တင်ဆောင်လာသည့်ကားများမှာ ယနေ့နံနက် ၁၀ ကျော်ခန့်တွင် တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းသို့ရောက်ရှိပြီး ထိုဆိပ်ကမ်းမှတစ်ဆင့် နေဗီပေါ်တင်ကာ ထွက်ခွာသွားကြောင်း တောင်ကုတ်မြို့မှ မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ဆိပ်ကမ်းကို မရောက်ခင်ကတည်းကပင် ရွှေလင်းယုန်ဆိပ်ကမ်းဖက် သွားတဲ့လမ်းကို ပိတ်ထားတယ်။ နေဗီ ၂ စီးက ရွှေလင်းယုန်ဆိပ်ကမ်းနားက စောင့်နေတယ်။ ရောက်ပြီးချက်ခြင်း နေဗီပေါ်ကိုတင်ပြီး ထွက်ခွာသွားတယ်”ဟု ၎င်းဒေသခံကဆိုသည်။

ထိုသို့ ဆင်များကိုသယ်ယူစဉ် ဆင်ကိုတင်ဆောင်လာသည့် ကားများအနီးမှ စစ်ကားများမှာ အင်အားအများအပြားဖြင့် လုံခြုံရေးယူလိုက်ပါခဲ့ကြောင်းနှင့် သွားရာလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီက လုံခြုံရေးများ ချထားသည်ဟု ဒေသခံများကပြောသည်။

အဆိုပါဆင်ဖြူတော်ကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော်သို့ သယ်ယူမည်ဖြစ်ပြီး နေပြည်တော်တွင်ထားရှိမည်ဟု သိရှိရကြောင်း တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဆင်တွေကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာဆိုက်ကပ်ပြီး နေပြည်တော်သို့ယူမယ်လို့ တပ်တွင်းစကားတွေအရ သိရတယ်။ သူတို့ အဲဒီဆင်ကို ယူဖို့လုပ်နေတာ တော်တော်ကြာနေပြီ။ အခုလို ကိုယ့်နေရာမှာ ရရှိထားတဲ့ဆင်ကို သူတို့ယူသွားတာတော့ ကျနော်တို့မကျေနပ်ဘူး”ဟု ၎င်းကဆိုသည်။

ယခုယူဆောင်ထားသည့် ဆင်ဖြူတော်မှာ ရခိုင်ပြည်နယ်အတွင်းမှ ပေါ်ထွန်းသည့် ၆ စီးမြောက် ဆင်ဖြူတော်ဖြစ်ပြီး ၂၀၀၀ ခုနှစ်က ရသေ့တောင်မြို့နယ်မှ ဆင်ဖြူအထီးတစ်ကောင်၊ ၂၀၀၂ ခုနှစ်က မောင်တောမြို့နယ်မှ ဆင်ဖြူအမ နှစ်ကောင်နှင့် ၂၀၁၀ ခုနှစ်က မောင်တောမြို့နယ်အတွင်းမှ ဆင်ဖြူအမ နှစ်ကောင် ပေါ်ထွန်းခဲ့သည်။

လက်ရှိ ယင်းဆင်များကို ရန်ကုန်မြို့နယ်မှ ဆင်ဖြူတော်ဥယျာဉ်နှင့် နေပြည်တော်မှ ဆင်ဖြူတော်ဥယျာဉ်တို့တွင် ပြောင်းရွှေ့မွေးမြူထားကြောင်း သိရသည်။

ဗီဒီယိုများ