အပန်းဖြေသူများ လာရောက်လည်ပတ်နိုင်ရန် သံတွဲမြို့၌ ဆင်စခန်းတစ်ခု ဖွင့်လှစ်ထား

လက်ရှိတွင် ဆင် ၃ ကောင်အား စခန်းအတွင်းပြသထားပြီး လာရောက်လည်ပတ်သူ များပြား စည်ကားလာပါက ဌာနပိုင်ဆင်များကိုလည်း ထပ်မံဖြည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

By Admin 09 Feb 2023

အပန်းဖြေသူများ လာရောက်လည်ပတ်နိုင်ရန် သံတွဲမြို့၌ ဆင်စခန်းတစ်ခု ဖွင့်လှစ်ထား

စာနီတောင် ဆင်စခန်းအား တွေ့ရစဉ်။ 

DMG ၊ ဖေဖော်ဝါရီ ၉ 

အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နိုင်ရန်အတွက် ရခိုင်ပြည်၊ သံတွဲမြို့၌ ဆင်စခန်းတစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ 

အဆိုပါ စာနီတောင်ဆင်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သံတွဲမြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေးဌာနမှ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

စာနီတောင်ဆင်စခန်း ဖွင့်ရသည့်ရည်ရွယ်ချက်မှာ ဌာနပိုင်ဆင်များကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ဌာနဝင်ငွေ တစ်ဖက်တစ်လမ်းမှ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေကို ဆင်တွေနဲ့ပတ်သက်ပြီးတော့ လာရောက်လေ့လာစေချင်တယ်။ ဆင်နဲ့လူနဲ့ကြားက ပဋိပက္ခတွေကို နားလည်မှုရသွားပြီးတော့ ပဋိပက္ခတွေ ပိုပြီးလျော့သွားအောင်၊ ဆင်နဲ့ပတ်သက်ပြီး ဗဟုသုတွေရရှိအောင် ဒေသခံတွေအနေနဲ့ လာရောက်လည်ပတ်ကြည့်စေချင်ပါတယ်” ဟု စာနီတောင်ဆင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဆင် ၃ ကောင်အား စခန်းအတွင်းပြသထားပြီး လာရောက်လည်ပတ်သူ များပြား စည်ကားလာပါက ဌာနပိုင်ဆင်များကိုလည်း ထပ်မံဖြည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ကျနော်တို့မှာ တောင်ကုတ်၊ ဂွ၊ သံတွဲ နယ်(၃)နယ်ရဲ့တောထဲမှာ ဆင် ၁၂၃ ကောင်ရှိပါတယ်။ အကယ်၍ ဒီစာနီတောင်ဆင်စခန်းမှာ ဆင်တွေလိုအပ်တယ်ဆိုရင် အဲဒီကပဲ ဖြည့်မှာပါ” ဟု စာနီတောင်ဆင်စခန်းမှ တာဝန်ရှိသူက ဆက်ပြောသည်။ 

စာနီတောင်ဆင်စခန်းဖွင့်လှစ်ပြီးနောက် လာရောက်လည်ပတ်သူ အများအပြားရှိခဲ့ပြီး တစ်ပတ်အတွင်း လာရောက်လည်ပတ်သူဦးရေ ၇၀ ဝန်းကျင်အထိရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

စခန်းဝင်ကြေးအနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ငွေကျပ် ၁,၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးကို ကျပ် ၁၅,၀၀၀၊ ဆင်စီးမည်ဆိုလျှင် မြန်မာနိုင်ငံသားတစ်ဦးကို ငွေကျပ် ၅,၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၅,၀၀၀ သတ်မှတ်ထားသည်။ ထို့အပြင် စခန်းအတွင်း ဆင်အစာများဝယ်ယူ၍ ဆင်များကို ကျွေးမွေးနိုင်ကြောင်းလည်း သိရသည်။  

စာနီတောင်ဆင်စခန်းကို သံတွဲမြို့ ဝင်/ထွက် နေရာအနီးတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြို့နှင့် ၅ မိုင်ခန့်ဝေးသည်။ သံတွဲမြို့နယ်အတွင်း ရေလမ်းကြောင်းဖြင့်သာ သွားလာ၍ရသည့် ကင်းပွန်းချုံကျေးရွာ အနီးတွင်လည်း တလယ်နယ်ဆင်စခန်းတစ်ခု ရှိသည်။ 

“အရင်ကဆိုရင် ဆင်စခန်းသို့ သွားမယ်ဆိုရင် ချောင်းဖျားထိသွားရတယ်။ အခုဆိုရင် မြို့အထွက်လောက်မှာဆိုတော့ နီးနီးလေးဖြစ်သွားတယ်။ ဆင်စခန်းလာတဲ့ ခရီးသည်တွေအနေနဲ့လည်း ချောင်းဖျားထိ သွားစရာမလိုတော့ဘူး။ ကောင်းပါတယ်” ဟု သံတွဲဒေသခံ ကိုနိုင်ဦးကပြောသည်။

စာနီတောင်ဆင်စခန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွင့်ရန်လျာထားခဲ့ရာ ကိုဗစ်ရောဂါအခြေအနေများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှသာ စတင်ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

#I001

ဗီဒီယိုများ