ကိုဗစ်ကာလတွင် အလှူရှင်နည်းလာ၍ မိဘမဲ့ကလေးငယ်များကိုပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်း အခက်အခဲကြုံနေ

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း အလှူရှင်နည်းပါးလာသဖြင့် မိဘမဲ့ကလေးသူငယ်များကိုပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်းတွင် ကလေးငယ်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲ့ရှိနေကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

09 Aug 2021

DMG ၊ သြဂုတ် ၉

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း အလှူရှင်နည်းပါးလာသဖြင့် မိဘမဲ့ကလေးသူငယ်များကိုပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်းတွင် ကလေးငယ်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲ့ရှိနေကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ABC ဖောင်ဒေးရှင်းတွင် မွေးကင်းစမှ အသက် ၁၄ နှစ်အထိ မိဘမဲ့ကလေး ၅၉ ဦးကို စောင့်ရှောက်ပေးထားပြီး လက်ရှိတွင် ကလေးများအတွက် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု ABC ဖောင်ဒေးရှင်းအုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူက DMG ကိုပြောသည်။

“ကိုဗစ်တတိလှိုင်းမှာတော့ သေဆုံးသူတွေလည်းများတယ်။ ရောဂါကူးစက်မှုလည်း တော်တော်ဖြစ်ကြတယ်ဆိုတော့ ABC ဖောင်ဒေရှင်းမှာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလိုပဲ Lock down ပုံစံမျိုးလုပ်ထားပါတယ်။ ကလေးတွေရဲ့အလှူငွေကတော့ အရင်တုန်းကနဲ့မတူဘူး။ အလှူငွေကတော့ တော်တော်လေးကို ကျဆင်းသွားပါတယ်” ဟု ဆိုသည်။

ထိုသို့ အလှူငွေကျဆင်းလာခြင်းကြောင့် ကလေးများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စတို့ကို ဖောင်ဒေးရှင်း၏ရန်ပုံငွေဖြင့် ကျွေးမွေးစောင့်ရှောက်နေရကြောင်းလည်း သိရသည်။

ABC ဖောင်ဒေးရှင်းသို့ လှူဒါန်းရန် စာရင်းပေးသွင်းထားသူတချို့မှာလည်း လက်ရှိဖြစ်ပွားနေသည့် ရောဂါအခြေအနေကြောင့် လာရောက်လှူဒါန်းနိုင်မှုမရှိခြင်းများ ရှိနေသည်ဟုလည်း ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောသည်။

“ကိုဗစ်မဖြစ်ခင်တုန်းကဆိုရင် အလှူရှင်တွေကနေ့တိုင်းလိုလို ရှိတယ်။ တစ်နေ့ကို ၂ သိန်း ၃ သိန်း ဝန်းကျင်မှာရှိပါတယ်။ အခုဖြစ်နေတဲ့ကိုဗစ်ကျတော့ အလှူရှင်တွေတစ်ယောက်မှ မရောက်တော့ အလှူငွေတွေကလည်း တစ်ပြားမှမရရှိဘူး။ တော်တော်လေးကို အလှူငွေတွေကနည်းပါးသွားပါတယ်”ဟု ဦးလမင်းကျော်သူက ပြောသည်။

ABC ဖောင်ဒေးရှင်းတွင် အလှူရှင်များမှလှူဒါန်းသော ငွေများနှင့် ကလေးများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများကို ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ABC ဖောင်ဒေးရှင်းတွင် ကလေး ၅၉ ဦးကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်ထမ်းဦးရေ ၂၂ ဦးရှိပြီး ကျောင်း၏အသုံးစရိတ်၊ ကလေးများ၏စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ဝန်ထမ်းများ၏လာစာအတွက် တစ်လလျှင် သိန်း ၉၀ ကျော်အထိ ကုန်ကျမှုရှိသည်ဟု ဦးလမင်းကျော်သူကပြောသည်။

“ကလေးတွေရဲ့အထွေထွေကုန်ကျစရိတ်တွေ လုပ်ငန်းမှာကုန်ကျစရိတ်တွေ၊ နောက်ပြီးတော့ ဝန်ထမ်းတွေရဲ့လစာတွေနဲ့ပေါင်းလိုက်ရင် တစ်လကိုသိန်းပေါင်း ၉၀ လောက်သွားပါတယ်။ ကိုဗစ်သာရေရှည်ဖြစ်ပွားနေမယ်ဆိုရင် ကလေးတွေအတွက်အခက်အခဲတွေ၊ ဝန်ထမ်းတွေအတွက် အခက်အခဲတွေဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

ABC ဖောင်ဒေးရှင်ကို စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)တွင် ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ