ခွင့်ပြုချက်မရသဖြင့် ဒါးလက်ချောင်းအုပ်စုတွင် စားနပ်ရိက္ခာများထောက်ပံ့မည့်အစီအစဉ်ကို ရပ်နားလိုက်ကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့ပြော

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးရန် ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့ပေးမည့် အစီအစဉ်အား ရက်အသန့်အသတ်မရှိ ရပ်နားလိုက်ရကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့က ပြောသည်။

30 Aug 2021

photo - Ko Soe Win

DMG ၊ သြဂုတ် ၃၀

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးရန် ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့ပေးမည့် အစီအစဉ်အား ရက်အသန့်အသတ်မရှိ ရပ်နားလိုက်ရကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့က ပြောသည်။

အဆိုပါပရဟိတအဖွဲ့သည် သြဂုတ်လ ၂၇ ရက်နေ့က ဒါးလက်ချောင်းအုပ်စုမှ စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် ချင်းတိုင်းရင်းသား အိမ်ထောင်စု(၂၀၀)ကျော်အတွက် ဆန်၊ ဆား၊ ငပိ၊ အချိုမုန့်များကိုကူညီထောက်ပံ့ရန်သွားရာတွင် အမ်းမြို့နယ်ရှိ ခမရ(၃၇၃)တပ်ရင်း စစ်ဆေးရေးဂိတ်၌ တားမြစ်ခံခဲ့ရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းဘေးတွင်ရှိသည့် (၃၇၃)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရမှ သွားရမည်ဖြစ်ကြောင်း တားမြစ်စဉ်က ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းနေ့မှစပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ယနေ့သြဂုတ် ၃၀ ရက်နေ့အထိ ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့မည့်အစီအစဉ်အား ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု မေတ္တာရှင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးဝင်းက DMG ကိုပြောသည်။

“ကျနော်တို့သွားပြီးတွေ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီက ခွင့်ပြုချက်လုံးဝမရဘူး။ စာလည်းတင်ထားပြီးပြီဖြစ်တယ်။ နယ်လုံဝန်ကြီးခွင့်ပြုချက်လိုအပ်တယ်ပြောပြီး လွှတ်လိုက်တယ်။ ကျနော်တို့မြင်တာက ဘော်လီဘောပုတ်နေတယ်လို့မြင်တယ်။ ဟိုဘက်ကလူက ဒီဘက်ကိုထိုးချတယ်၊ ဒီဘက်ကလူလည်း ဟိုဘက်ကိုထိုးချတယ်လို့မြင်တယ်” ဟု သူကဆိုသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဒါးလက်ချောင်းအုပ်စုကို မဝင်စေချင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ခြင်းဟုလည်း ကိုစိုးဝင်းက ရှုမြင်သည်။

ကိုဗစ်ကာလတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် လက်လုပ်လက်စားဒေသခံများကို ကူညီထောက်ပံ့ရန်လာသည့် ပရဟိတအဖွဲ့များကို တားဆီးပိတ်ပင်ခြင်းများပြုလုပ်နေခြင်းသည် ဒေသခံများအတွက် စားဝတ်နေရေးအခက်အခဲ ပို၍ကြုံတွေ့စေကြောင်း ဒါးလက်ချောင်းအုပ်စုမှ လုံခြုံရေးအရအမည်မဖာ်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“အခုက တောတောင်တွေကိုလည်း သွားလို့အဆင်မပြေဘူး။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် မိုင်းအန္တရာယ်ကိုလည်းစိုးရိမ်ရတယ်။ ကိုဗစ်ကာလမှာလည်း အပြင်မသွားရတာနဲ့ အလုပ်အကိုင်တွေက လက်လုပ်လက်စားတွေအတွက် အဆင်မပြေဘူး။ ကူညီထောက်ပံ့မယ့်သူတွေကိုလည်း တားဆီးပိတ်ပင်မှုတွေလုပ်နေမယ်ဆိုရင် ပိုပြီးတော့အခက်အခဲဖြစ်သွားနိုင်တယ်”ဟု ၎င်းကဆိုသည်။

ဒါးလက်အုပ်စုမှဒေသခံများသည် တောတောင်များကို အဓိကမှီခိုပြီးလုပ်ကိုင်စားသောက်နေကြသော်လည်း လက်ရှိတွင် တိုက်ပွဲအကျိုးဆက်ကြောင့် မိုင်းထိမှန်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများရှိနေသည့်အတွက် တောတောင်များကိုမသွားရဲတော့ဘဲ စိုးရိမ်မှုများရှိနေကြခြင်းဖြစ်သည်။

လက်ရှိမှာ စားနပ်ရိက္ခာထောက်ပံ့မှုများ ဟန့်တားခံရမှုနှင့်ပတ်သက်ပြီး အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ တို့ကို DMG မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ကိုဗစ်ကာလအတွင်း အလုပ်အကိုင်များရှားပါးနေမှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ