မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့

တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲနှင့် အမ်း၊ ကျောက်ဖြူမြို့နယ်က ဒေသခံများမှာ စားနပ်ရိက္ခာနှင့် အခြားလူသုံးကုန်ပစ္စည်းများအတွက် ရခိုင်မြောက်ပိုင်းမြို့နယ်များကို အမှီပြုနေရသည်။

By Admin 30 May 2025

စစ်တွေမြို့နယ်ရှိ ရချမ်းပြင်ရေကြောင်းကုန်သွယ်ရေး ဆိပ်ကမ်းကို ၂၀၂၃ မတ်လက တွေ့ရစဉ်။
စစ်တွေမြို့နယ်ရှိ ရချမ်းပြင်ရေကြောင်းကုန်သွယ်ရေး ဆိပ်ကမ်းကို ၂၀၂၃ မတ်လက တွေ့ရစဉ်။

DMG ၊ မေ ၃၀

ခရီးသည်အပါအဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ရေကြောင်းကို အဓိက အားထားနေရသော ရခိုင်ပြည်တောင်ပိုင်းက မြို့နယ်များမှာ မိုးတွင်းကာလရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သွားလာရေးအဆင်မပြေမှုနှင့် စတင်ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲနှင့် အမ်း၊ ကျောက်ဖြူမြို့နယ်က ဒေသခံများမှာ စားနပ်ရိက္ခာနှင့် အခြားလူသုံးကုန်ပစ္စည်းများအတွက် ရခိုင်မြောက်ပိုင်းမြို့နယ်များကို အမှီပြုနေရသည်။

ထိုသို့ ကုန်စည်များသယ်ယူပို့ဆောင်ရေး လုပ်ကိုင်ရာမှာလည်း ရေကြောင်းကို အဓိကအသုံးပြုနေကြရပြီး လက်ရှိ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ရေပြင်ဖြတ်သန်း သွားလာရာတွင် အခက်အခဲဖြစ် ပေါ်လာသည်။

"မိုးရာသီဆိုတော့ ပယ်လယ်ခရီးက ပုံမှန်မဟုတ်တော့ဘူး။ လှိုင်းကြမ်း၊ လေကြမ်းတယ်။ နွေရာသီဆိုရင်တော့ စက်လှေအကြီးတွေအပြင် အသေးတွေပါ တစ်ပတ်မှာ သုံးကြိမ်လောက်က ပုံမှန်ထွက်ဖြစ်တယ်။ အခု စက်လှေအကြီးတွေတောင်မှ တစ်ကြိမ်ထွက်ဖြစ်ဖို့အရေး မလွယ်တော့ဘူး" ဟု မင်းပြားမြို့နယ်မှ စက်လှေမောင်းသူတစ်ဦးက ပြောသည်။

တိုက်ပွဲမဖြစ်ခင်က ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းသွားလာရာတွင် ကားလမ်းကို အဓိက အသုံးပြုခဲ့ကြသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လမ်းတံတားများကို လေကြောင်း၊ မိုင်းခွဲဖျက်ဆီးခဲ့သည်။

ယင်းကြောင့် ကုန်းလမ်းသွားလာရေးအဆင်မပြေသည့်အပြင် လုံခြုံရေးစိုးရိမ်မှုတို့ကြောင့် ရေကြောင်းကို အသုံးပြုသွားလာနေကြခြင်း ဖြစ်သည်။

တိုက်ပွဲ မဖြစ်ခင်က ကားလမ်းကို အဓိက အသုံးပြုခဲ့ကြသော်လည်း တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လမ်းတံတားများကို လေကြောင်း ဗုံးကြဲခြင်း၊ မိုင်းခွဲဖျက်ဆီးခြင်းများအပြင် လုံခြုံရေးအရ စိုးရိမ်ရသဖြင့် ရေလမ်းကို ရွေးချယ်၊ အသုံးပြု၍ သွားလာနေကြခြင်းဖြစ်သည်။ ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ မိုးရာသီကာလ ပင်လယ်ပြင်နှင့် မြစ်ကြောင်းတို့တွင် လှိုင်းလေကြီးသည့်အတွက် မကြခဏ စက်လှေနစ်မြုပ်မှုများလည်း ရှိနေသည်။

"စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ပြည်မဘက်က ကုန်သွယ်ရေး ဆိုတာက မရှိသလောက် ဖြစ်သွားပြီ။ ဒါကြောင့် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆောမြို့ဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားကနေတစ်ဆင့် စက်လှေနဲ့ သွားယူပြီး အဲလိုဝယ်ကြတာ။ ဒါပေမဲ့ ကျနော်တို့ စက်လှေကတော့ ဒီလ ရာသီဥတုကြောင့် ထွက်ဖြစ်မှာ မဟုတ်တော့ဘူး" ဟု ကျောက်ဖြူမြို့နယ်မှ စက်လှေဆရာတစ်ဦးက ပြောသည်။

မေလ တတိယပတ်မှ စ၍ မုတ်သုံလေဝင်ရောက်မှုနှင့်အတူ ပင်လယ်ပြင်တွင် လေပြင်းတိုက်ခိုက်မှု၊ လှိုင်းကြမ်းထန်မှုဖြစ်ပေါ်နေ၍ ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ သယ်ယူပို့ဆောင်ရေးလုပ်နေသည့် စက်လှေများရပ်တန့်ထားကြကြောင်း သိရသည်။

ထိုသို့ ကုန်စည်စီးဆင်းမှုနှောက်နှေးသွားသည်နှင့် တစ်ပြိုင်နက် ရခိုင်တောင်ပိုင်းဒေသများတွင် ကုန်ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်နေ၍ ဒေသခံများများ အခက်အခဲကြုံကြရ သည်။

ယင်းကြောင့် ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသော စစ်တွေ - အမ်း ကားလမ်းနှင့် ကျောက်ဖြူ - တောင်ကုတ် ကားလမ်းတို့ကို အလွယ်တကူ အသုံးပြုခွင့်ရရန် ကုန်သည်များက လိုလားနေသည်။

" ကျိုးနေတဲ့ တံတားတွေကို ကောင်းကောင်းမွန်မွန် ပြုပြင်ပြီး ကားတွေ သွားလာလို့ရအောင် ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ကုန်သွယ်ရေးက ရာသီမရွေး အဆင်ပြေသွားမယ်။ အဲဒီလိုဆိုရင် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကုန်ဈေးနှုန်းမြင့်တက်တာတွေလည်း လျှော့ကျလို့ စားသုံးသူအတွက်ပါ အဆင်ပြေသွားမယ်။ ဒါကြောင့် ကားတွေ သွားလာလို့ရအောင် အဲဒီ တံတားတွေကို အမြန်ဆုံး လုပ်ပေးရင် ကောင်းမယ်" ဟု ရမ်းဗြဲမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီ ဖြတ်လေးဖြတ်ဗျူဟာကြောင့် ရခိုင်ပြည်အတွင်း ပြည်မဘက်မှ ကုန်စည်ဝင်ရောက်မှု ရပ်တန့်လျက်ရှိသည်။ လက်ရှိ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မကွေးတိုင်း၊ ဆောမြို့ဘက်မှ ကုန်ပစ္စည်းကို အခက်အခဲမျိုးစုံကြားမှ တင်သွင်းနေကြရသည်။

ထိုသို့ ကုန်ပစ္စည်းများကို ရခိုင်ပြည်မြို့နယ်အနှံ့သို့ ဖြန့်ဝေရောင်းချနေရပြီး လမ်းခရီးအခက်အခဲများကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမားမှုနှင့်အတူ ဈေးနှုန်းများမှာလည်း မြင့်တက်နေဆဲဖြစ်သည်။