အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး

" အဲဒီတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကို အထက်လူကြီးတွေက ဆေးကုသခွင့်မပြုဘဲ စစ်တိုက်ခိုင်းတာကြောင်း ထွက်ပြေးနေကြတာတွေ ရှိလာတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 31 May 2025

ရခိုင်ပြည်၊ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း AA ထံ အလင်းဝင်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ရခိုင်ပြည်၊ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း AA ထံ အလင်းဝင်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ မေ ၃၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာရှိ စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းက ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်သားများမှာ ဆေးကုသခွင့်မရ၍ ထွက်ပြေးနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိ ကာကင်းစခန်းများကို တိုက်ခိုက်ကာ တစ်စတစ်စ ထိုးဖောက်လာခြင်းဖြစ်သည်။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိနေပြီး စစ်ကောင်စီ အရာရှိများက ဆေးကုသခံမပေးဘဲ ဆက်လက်တိုက်ပွဲဝင်ခိုင်းနေ၍ ထွက်ပြေးနေကြခြင်းဖြစ်ကာ ထိုအထဲတွင် ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း သိရသည်။

"အမတ (၃၄၄) မှာက ရှေ့တန်းကာကင်းဖြစ်တဲ့ ကျောက်ဗွေတောင်ကာကင်းနဲ့ နေရာတချို့မှာ တိုက်ပွဲ ဖြစ်ပွားနေကြတာရှိတယ်။ အဲဒီတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကို အထက်လူကြီးတွေက ဆေးကုသခွင့်မပြုဘဲ စစ်တိုက်ခိုင်းတာကြောင်း ထွက်ပြေးနေကြတာတွေ ရှိလာတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမှတ် (၃၄၄) အမြောက်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိ ဗေဒါ၊ လက်ပံပင်အပါအဝင် ကာကင်းအချို့ကို သိမ်းပိုက်ထားပြီ ဖြစ်သည်။

စစ်ကောင်စီကလည်း အမြောက်တပ်ရင်းမကျရေး မြေပြင်၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန် ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။

ဧရာဝတီတိုင်း၊ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည်။

ယင်းအပြင် ရခိုင်နှင့် ထိစပ်နေသည့် ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊၊ အင်္ဂပူမြို့နယ်များကို စစ်ကောင်စီက စားနပ်ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ထား၍ ဒေသခံများ အခက်အခဲကြုံနေရသည်။

ငါးသိုင်းချောင်းမြို့ခံတစ်ဦးက " စစ်ဆေးရေး ဂိတ်မှာ တအားစစ်တာ။ လူတွေကိုလည်း စစ်တယ်။ မှတ်ပုံတင် မပါတာတို့ ရခိုင်စကားပြောတာတို့ဆိုရင် မကြာခဏ ဖမ်းဆီးမှုတွေရှိတယ်" ဟု ပြောသည်။

ရခိုင်နှင့်ထိစပ်နေသည့် ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းတို့တွင် အာရက္ခတပ်တော်နှင့် တော်လှန်ရေး အင်အားစုတို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်မျက်နှာဖွင့်ကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိသည်။