- စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့ သံတမန်ဆက်ဆံရေး အားလျှော့လာခြင်း
- စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
- အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး
- မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့
- အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ
စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦး "အခု ဓားပြတိုက်တာတွေက နေ့တိုင်းလိုလို ဖြစ်နေတာ။ စစ်ကောင်စီ စဝင်လာကတည်းက ဒီနေ့အထိ လားရှိုးမှာ ဓားပြတိုက်မှု ၁၇ ကြိမ်လောက်အထိ ဖြစ်တယ်" ဟု ပြောသည်။
31 May 2025

DMG ၊ မေ ၃၁
တရုတ်အကူအညီဖြင့် စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု စသည့် ဒုစရိုက်မှုများ မြင့်တက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦး "အခု ဓားပြတိုက်တာတွေက နေ့တိုင်းလိုလို ဖြစ်နေတာ။ စစ်ကောင်စီ စဝင်လာကတည်းက ဒီနေ့အထိ လားရှိုးမှာ ဓားပြတိုက်မှု ၁၇ ကြိမ်လောက်အထိ ဖြစ်တယ်" ဟု ပြောသည်။
မေလ ၂၈ ရက်က လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးအား ရဲဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့သည်။
မေလ ၁၇ ရက်ကလည်း အမှတ် (၇) ရပ်ကွက်တွင် ဖုန်းဆိုင်တစ်ခုအား လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက ဓားပြတိုက်ကာ လက်ကိုင်ဖုန်းအလုံး (၅၀) နှင့် ရွှေ (၅) ကျပ်သားခန့်ကို ယူဆောင်သွားခဲ့ကြောင်း မြို့ခံများက ဆိုသည်။
အလားတူ မေလ ၁၃ ရက်ကလည်း လားရှိုးမြို့၊ မန်ဆူကျောင်းအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးအား လူတစ်ဦးက သေနတ်ထောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။
လက်ရှိ လားရှိုးမြို့အတွင်း ယခုကဲ့သို့ ဒုစရိုက်မှုများမြင့်တက်လာနေသဖြင့် မြို့ခံများကြား စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေကြရသည်။
လားရှိုးမြို့ အမျိုးသားတစ်ဦးက "လက်နက်ကိုင်ပြီး ဟိုနား လိုက်လုပြန်ပြီ၊ ဒီနား ဓားပြတိုက်သွားပြန်ပြီလို့ ကြားရတာတော့ စကစ ပြန်ဝင် ကတည်းကပဲ။ တရားခံတွေက စစ်သားလား၊ ဘာလားကတော့ သူတို့ပဲ တပ်အပ်ပြောနိုင်မယ်။ အိမ်တွေမှာတောင် ညအိပ်ညနေ သိပ်မလုံခြုံသလို ခံစားရတယ်" ဟု ပြောသည်။
မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုစသည့် ဒုစရိုက်မှုများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက အရေးယူခြင်းမတွေ့ဘဲ တရားဥပဒေစိုးမိုးရေး ပျောက်နေသည်ဟု မြို့ခံများက ဆိုကြသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တယားများ လည်ပတ်ခဲ့သည်။
သို့သော် ၈ လကြာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ခဲ့ရသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံး၊ ဆေးရုံ၊ စည်ပင် စသည့် ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း သိရသည်။