ရခိုင်တွင် ယခုနှစ်ကုန်ပိုင်းအတွင်း ယာဉ်တိုက်မှု ပိုမိုမြင့်တက်လာ

ရခိုင်ပြည်အတွင်း ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ယာဉ်တိုက်မှုမြင့်တက်လာကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှသိရသည်။

29 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၉ 

ရခိုင်ပြည်အတွင်း ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ယာဉ်တိုက်မှုမြင့်တက်လာကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှသိရသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ယာဉ်တိုက်မှုစုစုပေါင်း ၃၃ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၂ ဦးအထိ ရှိခဲ့သည်။

“ပွင့်လင်းကာလမှာ ပွဲလမ်းသဘင်တွေရှိလာတယ်။ လူငယ်တွေက ပျော်ပါးပြီးအရက်သေစာသောက်စားကြရာက ယာဉ်မဆင်မခြင်မောင်းနှင်ြ့ပီး ယာဉ်တိုက်မှုတွေဖြစ်လာတယ်”ဟု ပြည်နယ်ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

ယင်းသို့နှစ်လအတွင်းဖြစ်ပွားခဲ့သည့် ယာဉ်မတော်ဆမှုများမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံတွဲမြို့နယ်တွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရသည်။

ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရခိုင်တွင်ယာဉ်မတော်တဆမှု ၁၆၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၅၅ ဦးရှိခဲ့သည်။

ထို့ကြောင့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉ လအတွင်း) ယာဉ်တိုက်မှု ၁၂၈ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၉၀ ဦးရှိခဲ့ကာ အောက်တိုဘာနှင့် နိုဝင်ဘာလအထိ (၂ လအတွင်း) ယာဉ်တိုက်မှု ၃၃ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့သည်။

ယာဉ်တိုက်မှုလျော့နည်းကျဆင်းလာစေရန် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိနိုင်မည့် LED ဆိုင်းဘုတ်များဖြင့်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့လုပ်ဆောင်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ကဆိုသည်။

စစ်တွေမြို့ခံ ကိုဇော်ဇော်ထွန်းက “ရခိုင်ပြည်က ရွာတွေမှာအထိ လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေအများကြီးပဲ။ နောက်ပြီးတော့ အမောင်းကျွမ်းကျင်မှုမရှိတဲ့သူတွေပေါ့နော်။ မမောင်းတတ်တဲ့သူတွေကလည်း ရွာတွေမှာ ကလေးတွေကနေအစ အဲလိုမျိုးတက်ပြီးတော့မောင်းနေကြတာရှိတယ်။ အဲဒီခါကျတော့ အထူးသဖြင့်သူ့ရပ်ရွာအနီးတစ်ဝိုက်မှာဆိုရင်တော့ အခက်အခဲသိပ်မရှိပဲမဲ့လည်း ခရီးဝေးလိုနေရာမျိုးတွေကျလို့ရှိရင်တော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမသိတဲ့အခါမှာ အခုလိုပဲယာဉ်တိုက်မှုတွေ မကြာခဏကြုံနေရတယ်လိုဘဲကျွန်တော်တို့သုံးသပ်ပါတယ်”ဟု DMG သို့ ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ယာဉ်တိုက်မှု ၃၃၇ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၁၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄၆၅ ဦးရှိခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၁၉ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၁၂၁ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၆၈ ဦးရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

ဗီဒီယိုများ