မြန်မာစစ်တပ်နှင့် AA တို့အား ညှိနှိုင်းဆွေးနွေးပွဲသို့ ခေါ်ဆောင်ပေးရန် အာဆီယံအထူး ကိုယ်စားလှယ်ကို AFP တိုက်တွန်း

စစ်ရေးတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အား ညှိနှိုင်းဆွေးနွေးပွဲ၊ စားပွဲဝိုင်းသို့  ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်းကို ရခိုင့်ဦးဆောင်ပါတီ (AFP) ကတိုက်တွန်းလိုက် သည်။

02 Jul 2022

AFP ပါတီ ဗဟိုရုံးကို စစ်တွေမြို့၌ တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂

စစ်ရေးတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အား ညှိနှိုင်းဆွေးနွေးပွဲ၊ စားပွဲဝိုင်းသို့  ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်းကို ရခိုင့်ဦးဆောင်ပါတီ (AFP) ကတိုက်တွန်းလိုက် သည်။

ရခိုင်ပြည်နယ်တွင်း နိုင်ငံရေး အပြောင်းအလဲတို့သည် မြန်မာတစ်နိုင်ငံလုံးအပေါ် ရိုက်ခတ်မှုများရှိနေသည့်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အား အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ဆွေးနွေးပွဲစားပွဲဝိုင်း အရောက်ခေါ်လာနိုင်မည်ကို မျှော်လင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ထိုအချက်မှာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ရရှိရေးတွင် အထောက်အကူ ပြုလိမ့်မည် ” ဟုလည်း AFP ပါတီက ယုံကြည်ထားသည်။

ယင်းအပြင် မြန်မာစစ်တပ်နှင့် AA တို့ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ရောက်ရှိနိုင်မှ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးခေါ်ဆောင်မှုတို့ရပ်စဲမည်ဖြစ်သည့်အတွက် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် နှစ်ဖက်လမ်းကြောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း AFP ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံနေပြီး ထိုအထဲတွင် ရခိုင်ပြည်မှ အင်အားကြီးပါတီများဖြစ်ကြသော ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရခိုင်အမျိုး သားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်တို့သွားရောက်တွေ့ဆုံနေသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်စပ်လျက်ပြီး ရခိုင်ပြည်တွင်ဖြစ်ပွားနေသည် အခြေအေနေများ အပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးစသည့် အချက် (၅)ချက်ကို AFP ၏ထုတ်ပြန်ချက်တွင် တွေ့ရသည်။

လက်ရှိရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြားနှစ်ဖက်  စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ကျောက်တော်၊ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမှ ဒေသခံ ၄၀ကျော်ရှိပြီး  ရက္ခိုင့်တပ်တော်(AA) ဖက်မှလည်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် စ.ရ.ဖ အပါအဝင် ၁၄ ဦးထက်မနည်းကို ဖမ်ဆီးထားသည်။

ဗီဒီယိုများ